1/10/2013

Grapefruit သီး ဆေးဝါး အများစုနှင့် ဓာတ်မတည့်

သာမန် နေ့စဉ်စားသုံးနေသော ဆေးဝါးပေါင်း ၈၀ ရာခိုင်နှုန်းသည် Grapefruit အသီးနှင့် ဓာတ်မတည့်ဘဲ ရှုပ်ထွေးသော နောက်ဆက်တွဲ ရောဂါများ ဖြစ်ပေါ်နိုင်ကြောင်းနှင့်အချို့မှာ နောက်ဆက်တွဲရောဂါ ပြင်းထန်ပြီး အသက်ဆုံးရှုံးသည် အထိ ဖြစ်နိုင်ကြောင်း ကနေဒါနိုင်ငံမှ သုတေသီများက ပြောကြားသည်။ 

 အိုဝါရီယာမြို့ Lawson ကျန်းမာရေး သုတေသန အင်စတီကျူဒ်မှ ဆေးဝါးပညာရှင် ဒေးဗစ်ဘိုင်လီက grapefruit နှင့် ဆေးဝါးအချို့ ဓာတ်ပြုတတ်သည်ကို လွန်ခဲ့သော နှစ် ၂၀ ကပင် တွေ့ရှိခဲ့သည်။ ထိုအချိန်မှစ၍ ယင်းအသီးအနှံနှင့် ဓာတ်မတည့်သော ဆေးဝါးများ တိုးပွားလာခဲ့သည်။

 ယင်းဖြစ်စဉ်များကို လွန်ခဲ့သော လေးနှစ်အတွင်း ပိုမိုတွေ့ရှိလာရပြီး အချို့မှာ အလွန်ထူးထူးခြားခြားပင် ဆေးဝါး ဓာတ်မတည့်မှုများ ဖြစ်ပေါ်လာသည်ဟု မစ္စတာဘိုင်လီက ကနေဒါ အသံလွှင့်ဌာနအား ပြောကြားသည်။

 ဓာတ်မတည့်သော ဆေးဝါးများတွင်လူအများနေ့စဉ်အသုံးပြုနေသောကိုလက်စထရော လျှော့ချရေး
 ဆေးဝါးများ၊ ပိုးသတ်ဆေး (Antibiotics) များနှင့် သွေးကျဆေးလည်း ပါဝင်သည်။
 ထို့အပြင် ကင်ဆာရောဂါ ဆေးဝါးများနှင့် ကျောက်ကပ်၊ အသည်းအစားထိုး လူနာများ သောက်သော ဆေးဝါးများမှာလည်း grapefruit နှင့် ဓာတ်မတည့်ကြောင်း ၎င်းက ပြောသည်။ 

အသက် ၄၅ နှင့်အထက် လူကြီးများမှာ အသီးအနှံ ဝယ်ယူမှုများပြီး ဆရာဝန် ညွှန်ကြားသော ဆေးဝါး သောက်သုံးသူလည်း အများစု ဖြစ်နေရာ ယင်းအုပ်စုမှာ grapefruit ကြောင့် ဓာတ်မတည့်မှုနှင့် ပိုမိုကြုံတွေ့ရနိုင်သည်ဟု Canadian Medical Association ဂျာနယ်တွင် ပါရှိသည့် လေ့လာမှု၌ ဖော်ပြထားသည်။

By 7Day News