1/10/2013

ဗီတာမင်ဖြည့်စွက်ဆေး အကြောင်း သိကောင်းစရာများ

-ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ ဗီတာမင်ဒီကလွဲရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ရဖို့ အာဟာရ ပြည့်ပြည့်ဝဝပါတဲ့ အစားအသောက်ကိုပဲ ရွေးချယ် စားသောက်ရပါတယ်။

-လေ့လာမှုတွေအရ ဗီတာမင် ဖြည့်စွက်ဆေးတွေကို ပုံမှန် မှီဝဲသူတွေက မမှီဝဲသူတွေထက် ပိုပြီး အာဟာရဓာတ် ပြည့်ဝတဲ့ အစားအသောက်တွေကို စားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပိုပြီး လိုက်နာကြတယ်လို့ သိရပါတယ်။ တကယ်လို့ သင်က လေ့ကျင့်ခန်း မှန်မှန်လုပ်ပြီး တက်ကြွတဲ့ နေထိုင်မှုပုံစံကို လိုက်နာတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ အာဟာရပြည့်ဝတဲ့ အစားအသောက်ကို များများစားဖို့ ပိုလိုအပ်ပါတယ်။


-ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဖိုက်တိုကမ်မီကယ်လ်တွေ အားလုံးကို စုပေါင်းရရှိဖို့ တစ်ခုတည်းသော နည်းလမ်းက အစားအသောက်တွေကို ကောင်းကောင်းစားဖို့ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဖြည့်စွက်ဆေး အများစုထဲမှာ အာဟာရဓာတ် အစုံအလင် မပါနိုင်လို့ပါ။


-အမျိုးသားတွေက တချို့သော သတ္တုဓာတ်တွေ (ဥပမာ- သွပ်(ဇင့်) ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ပိုတက်စီယမ်) စတာတွေကို စားသုံးမှုမှာ အသင့်အတင့်ပဲ ရှိနေတယ်လို့ အာဟာရဆိုင်ရာ လေ့လာမှု စစ်တမ်းတွေက ဆိုပါတယ်။ ဒီသတ္တုဓာတ်တွေကို ရရှိဖို့ အကောင်းဆုံး နည်းလမ်းက ပေါင်မုန့်ညို၊ ကွေကာ၊ ဆန်လုံးညို၊ အခွံမာသီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အဆီနည်း အသား၊ ငါး စတာတွေကို ထည့်စားဖို့ ဖြစ်ပါတယ်။


-သင်က ဆေးလိပ်သောက်သူ ဆိုရင် သင်ရဲ့ ဗီတာမင်စီ လိုအပ်မှုက နှစ်ဆ မြင့်တက်သွားပါတယ်။ ဆေးလိပ်မသောက်ဘဲ နေရင် အကောင်းဆုံးပါ။ တကယ်လို့ ဆေးလိပ်သောက်နေဆဲ ဆိုရင် နေ့စဉ် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို အနည်းဆုံး လေးကြိမ်စားတာ၊ လိမ္မော်ရည်တစ်ခွက် သောက်တာတွေကို လုပ်ပေးပါ။ ဆေးလိပ်သောက်သူတွေအတွက် တစ်နေ့မှာ ဗီတာမင်စီ ၂၀၀ မီလီဂရမ်ထက် ပိုမမှီဝဲဖို့လည်း ညွှန်ကြားထားပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်တွေ များတာက ဆေးလိပ် သောက်သူတွေမှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ နိုင်ငံတကာ လေ့လာမှုကြီး နှစ်ခုက ဆိုထားလို့ပါ။


-တချို့ အာဟာရဓာတ်ပါတဲ့ ဖြည့်စွက်ဆေးတွေက သင့်မှာ ရှိနေတဲ့ အခြေခံရောဂါက အစာနဲ့မတည့်ရင် သောက်သုံးသင့်ပါတယ်။ ဥပမာ ပြောရရင် နို့နဲ့ ဓာတ်မတည့်ရင် ကယ်လ်စီယမ်ဖြည့်စွက်ဆေးကို အရိုးတွေ သန်မာဖို့အတွက် မှီဝဲသင့်ပါတယ်။


-ဖြည့်စွက်ဆေး မှီဝဲတဲ့အခါမှာ ကျန်းမာရေး ကောင်းဖို့ထက် အာဟာရချို့တဲ့မှု မဖြစ်အောင် ကာကွယ်ဖို့ဆိုတဲ့ အချက်ကို စိတ်ထဲမှာ ထားပေးပါ။ အကြောင်းကတော့ သင့်ကျန်းမာရေးအတွက် လိုအပ်တဲ့ အမျှင်ဓာတ်၊ ဖိုင်တိုကမ်မီကယ်လ်နဲ့ တခြား အာဟာရဓာတ် အားလုံးကို ဖြည့်စွက်ဆေး တစ်မျိုးတည်းနဲ့ အလုံအလောက် မရနိုင်လို့ပါ။ ဒါတွေ အားလုံးကို ရချင်ရင် အစားအသောက်ကို စားပေးရပါမယ်။


-လတ်တလော လေ့လာမှုအရ သွေးထဲမှာ ဟိုမိုစစ်စတင်း အဆင့်မြင့်တက်နေတာက အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေနိုင်ကြောင်း သိရပါတယ်။ ဗီတာမင် B6၊ ဖောလစ်အက်စစ်နဲ့ ဗီတာမင် B12 တို့ဟာ ဟိုမိုစစ်စတင်း အဆင့်ကို လျော့ကျစေတယ်လို့ စမ်းသပ်မှုတချို့က အကြံပြုထားပါတယ်။

ကြယ်စင်Ref: By Good Health
Source: http://www.yatanarpon.com.mm/news/news-49414