ကျန်းမာပြီး
ဉာဏ်ရည်ထက်မြက်တဲ့ ချစ်စဖွယ် ရင်သွေးလေး မွေးဖွားနိုင်ဖို့က
မိခင်တိုင်းရဲ့ ဆန္ဒပါ။ ကျန်းမာရေးနဲ့ ညီညွတ်မျှတဲ့ အစားအစာတွေ စားသုံးတာကသာ
မိခင်လောင်းတွေရဲ့ ဆန္ဒကို အပြည့်အဝ ဖြည့်စွမ်းပေးပါလိမ့်မယ်။
ဒါတင်မကသေးပါဘူး။
မွေးဖွားပြီးချိန်မှာလည်း ကလေးငယ်လေး ကျန်းမာနေစေဖို့ လိုပါသေးတယ်။ အကောင်းဆုံးက နို့ချိုတိုက်ကျွေးမယ့် မိခင်တစ်ယောက်ဟာ အာဟာရ ပြည့်ဝစွာ စားသောက် နေထိုင်ဖို့ပါပဲ။ အောက်ပါ အစားအစာ ၁၂ မျိုးကို နေ့စဉ်စားနေတဲ့ သင့်အစားအစာထဲမှာ ပါဝင်အောင် ထည့်စားပေးပါ။ ဒါဆိုရင် ဉာဏ်ရည်ထက်မြတ်ပြီး ကျန်းမာတဲ့ သင့်ရင်သွေးကို ပိုင်ဆိုင်နိုင်မှာပါ။
၁။ ဆယ်လ်မွန်ငါး
ကိုယ်ဝန်ဆောင်ချိန်ကစလို့ နို့ချိုတိုက်ကျွေးချိန်ထိ မပါမဖြစ် စားသင့်ပါတယ်။ ဆယ်လ်မွန်ငါးမှာ ပါဝင်တဲ့ အဆီတစ်မျိုး DHA က သင့်ကလေးငယ်ရဲ့ ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးငယ်အတွက် DHA ကို မိခင်နို့ရည်ကတစ်ဆင့် ရရှိနိုင်တာကြောင့် မိခင်လောင်း တစ်ယောက်စားတဲ့ အစားအသောက်ထဲမှာ DHA ပေါများစွာ ပါဝင်တဲ့ ဆယ်လ်မွန်ငါး ပါအောင် စားပေးသင့်ပါတယ်။
၂။ နို့နဲ့ နို့ထွက်ပစ္စည်းများ
နို့ချို တိုက်ကျွေးမယ့် မိခင်လောင်းတစ်ယောက်အနေနဲ့ အဆီဓာတ် ပါဝင်မှုနည်းတဲ့၊ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ ချိစ်တွေ စားပေးပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်ဓာတ်များပြားစွာ ပါဝင်တာကြောင့် သင့်ကလေးငယ်ရဲ့ အရိုးတွေ ဖွံ့ဖြိုးကြီးမားသန်မာစေဖို့ အထောက်အကူပြုပါတယ်။
၃။ အမဲသား
မိခင်လောင်းတစ်ယောက်ဟာ စွမ်းအင်တွေ ရရှိဖို့လည်း လိုအပ်ပါသေးတယ်။ သံဓာတ်သာချို့တဲ့နေရင် စွမ်းအင်တွေ ကျဆင်းပြီး သင့်ကလေးငယ်ကို ကိုယ်ဝန်ဆောင်နိုင်ဖို့ ခဲယဉ်းပါတယ်။ ဒါကြောင့် သံဓာတ်ကြွယ်ဝပြီး အဆီထုတ်ထားတဲ့ အမဲသား စားပေးပါ။ နို့ချိုတိုက်ကျွေးချိန်မှာတော့ မိခင်ရော၊ ကလေးငယ်အတွက်ရော လိုအပ်တဲ့ ပရိုတင်းနဲ့ ဗီတာမင် B12 အပြည့်အဝရရှိစေဖို့ အမဲသား စားပေးပါ။
၎။ ပဲ အမျိုးမျိုး
သင်ဟာ အမဲသားမစားလို့ သံဓာတ်ချို့တဲ့မှာကို စိတ်မပူပါနဲ့။ ပဲအမျိုးမျိုး စားပေးပါ။ သံဓာတ် ပေါကြွယ်ဝရုံ သာမကဘဲ တိရစ္ဆာန်ကရတာ မဟုတ်တဲ့ ပရိုတင်းဓာတ်ကိုလည်း အပြည့်အဝ ရရှိစေပါတယ်။
၅။ ဘယ်ရီသီး
နို့ချိုတိုက်ကျွေးမယ့် မိခင်တစ်ယောက်ဟာ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ သီးနှံတွေ၊ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်မျိုးမျိုးကို နေ့စဉ်သောက်ပေးပါ။ ဘယ်ရီသီးမှာ အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်စားသုံးပေးပါ။
၆။ ဆန်လုံးညို
သင့်ကလေးငယ် ကိုယ်အလေးချိန် မတက်ပါက သင် ကာဗိုဟိုက်ဒရိတ်စားဖို့ မမေ့ပါနဲ့။ ဆန်လုံးညို စားပေးပါက သင့်ကလေးငယ်အတွက် အာဟာရဓာတ် ပြည့်ဝတဲ့ နို့ချိုတိုက်ကျွေး နိုင်ပါတယ်။
၇။ လိမ္မော်သီး
နို့တိုက်မိခင်တွေက ကိုယ်ဝန်ဆောင် မိခင်လောင်းတွေထက် ဗီတာမင်စီဓာတ် ပိုမိုလိုအပ်ပါတယ်။ လိမ္မော်သီးကို အခွံခွာပြီး အမြွာအတိုင်းဖြစ်စေ၊ ဖျော်ရည်ဖျော်ပြီးဖြစ်စေ နေ့စဉ်သောက်သုံးပေးပါ။
၈။ ကြက်ဥ
ကြက်ဥမှာ ကလေးငယ်အတွက် မရှိမဖြစ်တဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်ပါတယ်။ ဒါကြောင့် သင်စားတဲ့ အစားအစာထဲမှာ ကြက်ဥကို အကာကျက်ပြုတ်ပြီးဖြစ်စေ၊ ဆီနဲ့ကြော်ပြီးဖြစ်စေ စားပေးပါ။ အကောင်းဆုံးကတော့ ဆီနဲ့ကြော်စားပါက ဆီပျော်ဗီတာမင်ဓာတ်တွေကိုပါ ခန္ဓာကိုယ်က ရရှိနိုင်ပါတယ်။
၉။ ပေါင်မုန့်ညို
ကိုယ်ဝန်ရှိစအချိန် မိခင်ဝမ်းဗိုက်ထဲမှာ ကလေးငယ်လေး စတင်ဖြစ်ပေါ်ခါစမှာပင် လိုအပ်တဲ့ ဖောလစ်အက်စစ်ဓာတ်က နို့ချိုတိုက်ကျွေးချိန်ထိ လိုအပ်နေပါသေးတယ်။ ပေါင်မုန့်ညိုက ဖောလိတ်ဓာတ်သာမကပဲ သံဓာတ်နဲ့ အမျှင်ဓာတ်ကိုပါ ပေးစွမ်းနိုင်ပါတယ်။
၁၀။ အစိမ်းရောင် ဟင်းသီးဟင်းရွက်
သင့်ကလေးငယ်အတွက် ဗီတာမင်အေဓာတ် ရရှိစေဖို့ လိုအပ်ပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင်အေဓာတ် သာမကဘဲ နို့နဲ့ နို့ထွက်ပစ္စည်းကရတာ မဟုတ်တဲ့ ကယ်လ်စီယမ်ဓာတ်ကိုပါ ရရှိစေပါတယ်။ ဒါ့အပြင် ဗီတာမင်စီနဲ့ သံဓာတ်ကိုပါ ရရှိစေတာကြောင့် နေ့စဉ်စားတဲ့ အစားအစာထဲမှာ ပါဝင်အောင် စားပေးပါ။
၁၁။ ကောက်နှံကွေကာ
နို့တိုက်မိခင်တစ်ဦးရဲ့ မနက်စာမှာ မပါမဖြစ်စားသင့်တဲ့ အစားအစာပါ။ ကောက်နှံကွေကာကို နွားနို့ရောထည့်ကာ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ နံနက်စာအဖြစ် စားသုံးနိုင်ပါတယ်။
၁၂။ ရေ
ရေဓာတ်ခန်းခြောက်တာဟာ အကြီးမားဆုံးသော စွမ်းအင်ဆုံးရှုံးမှုပါ။ အထူးသဖြင့် နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေအနေနဲ့ အန္တရာယ်ရှိပါတယ်။ မိခင်အတွက် စွမ်းအင်ရရှိဖို့နဲ့ ကလေးငယ်လေး ဝဝလင်လင်သောက်စို့နိုင်အောင် နို့ချိုများများထွက်ဖို့ အနည်းဆုံး ရေ ရှစ်ခွက် သောက်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် နွားနို့နဲ့ သစ်သီးဖျော်ရည်တွေလည်း သောက်နိုင်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်စတာတွေကိုတော့ မသောက်သင့်ပါဘူး။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ ဝင်ရောက်စုပုံနိုင်တာကြောင့်ပါ။
Ref: Good Health