အမျိုးသမီးတို့
မင်္ဂလာ ဆောင်ပွဲများမှာ ဒေသအလိုက် အနည်းနှင့် အများ ကွဲပြားကြသည်။ မိဘများက
တောင်းရမ်းပေးရာတွင် ဦးစွာ ပထမ လူပျို၏မိဘများသည် အပျို၏ မိဘများထံသို့
သွား၍ ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး
ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီး၏ သဘောကို မေးရသည်။ သမီးက သဘောတူပါက
လူပျိုဖက်သို့ အကြောင်းပြန်ကြားရသည်။ လူပျို၏ မိဘများက လူကြီးများနှင့်
နေ့ကောင်းရက်သာ ရွေးပြီး အပျို၏မိဘမျာထံ သမီးတောင်းရန်လာကြသည်။
ထိုအချိန်တွင် အပျိုအိမ်၌ ဆွေမျိုးအစုံ ရောက်နေကြရသည်။ အပျိုဖက်မှ
လူငယ်များက လူပျိုကို ခြံတံခါးဝတွင် တကြိမ်၊ အိမ်တံခါးဝတွင် တကြိမ်
ကြိုးတားကြသည်။ ငွေကြေးပေးမှ ဖွင့်ပေးကြသည်။
အိမ်ပေါ်သို့
ရောက်သည့်အခါ အပျိုဖက်က လူကြီးနှစ်ဦးကို လူပျိုဖက်မှ လူကြီးများက
သွား၍နှင်ဆက်ရသည်။ အပျိုဖက်မှ လူကြီးများက လာရင်းကိစ္စကို
မသိချင်ယောင်ဆောင်ပြီး မေးရသည်။ လူပျိုဖက်က သမီးလာတောင်းသည့်
အကြောင်းပြောပြရသည်။
ဤသို့ တဖက်နှင့်တဖက် အပြန်အလှန် ပြောဆိုကြသည်။
ထိုသို့ပြောနေစဉ် လူပျိုဖက်က လင်ပန်းတခုတွင် လက်ဖက်နှစ်ထုပ်၊
ကွမ်းနှစ်ထုပ်၊ ငှက်ပျော်နှစ်ဖီး၊ အနည်းဆုံး ငွေငါးမတ်နှင့် ကြက်ဥပြုတ်
နှစ်လုံးထည့်၍ အိမ်ထောင်စုံ အျိုးသမီးထံ ပို့ထားရသည်။ အကယ်၍
စကားပြောလို့မပြီးမီ ထိုလင်ပန်းကို အောက်ချထားမိပါက အပျိုဖက်က
ယူစားပစ်နိုင်သည်။ ထို့နောက်မှ ကြက်ဥနှစ်လုံးမှတပါး လင်ပန်းအတွင်းရှိ
အစားအစာ တ၀က်ကို ဆွေမျိုးနှစ်ဖက်အား ကျွေးမွေးပြီး ကျန်တ၀က်ကို
အိမ်အပြင်တွင် နတ်ပသ၍ ဆုတောင်းခြင်းပြုကြသည်။
ထို့နောက် လူပျိုဖက်မှ
ဧည့်သည်များကို အပျိုဖက်က ထမင်းကျွေး ပြုစုသည်။ အပျိုနှင့် လူပျိုအတွက်မူ
ထမင်းပွဲတခု သီးသန့်ပြင်ပေးရသည်။ လူပျိုနှင့်အပျို ထမင်းစားနေစဉ် အနားတွင်
ကလေးများက သားသမီးများသဖွယ် ကြက်ဥနှစ်လုံးကို ခွဲပြီး “ဖေဖေ၊ မေမေ” ဟုခေါ်ကာ
သတိုးသားနှင့် သတို့သမီးတို့အား ခွံ့ကျွေးရသည်။ ချည်ခုနှစ်ပင်ပါသည့်
ချည်မန်းကွင်းဖြင့် သတို့သား၊ သတို့သမီးတို့အား စွပ်ပေးရသည်။
လူပျိုနှင့်အပျို တပြန်စီ ထမင်းခွံ့သည့်ဓလေ့လည်း ရှိသည်။ သတို့သားက
သတို့သမီးအား မိဘအား သမီးမွေးပေးသည့်အတွက် ငွေငါးကျပ်ကို နို့ဘိုးအဖြစ်
ကန်တော့ရသည်။ ထို့အပြင် အပျိုဖက်က ဆွေမျိုးများအတွက် တအိုးစားလျှင် တကျပ်၊
နှစ်အိုးစားလျှင် နှစ်ကျပ် စသည်ဖြင့် ငွေကြေးပေးရသည်။ ထိုသို့
ပြုလုပ်ခြင်းမှာ နောင်တနေ့ လင်မယား သဘောထား ကွဲလွဲပါက ဆွေမျိုးများကို
သက်သေထူပြီး သတို့သား၊ သတို့သမီးအား ဆုံးမရန်ဖြစ်သည်။
အချို့ဒေသများတွင်
လက်ထပ်ပွဲပြုလုပ်လျှင် ငှက်ပျောပွဲကိုပြင်၍ ငချဉ်ထုပ်များကို
အုပ်ထဲတွင်ထည့်ထားသည်။ ရွဲထဲမှ အသက်ကြီးရင်သူတို့က ထိုအထုပ်များကို ဖြေပြီး
ဧည့်သည်များကို ကျွေးမွေးသည်။ ရွှေ၊ငွေ ထည့်ထားသည့် ရေကို လက်ထပ်ပေးသူ
လူကြီးက သတို့သမီးကို တိုက်သည်။ သတို့သမီးမှတဆင့် သတို့သားအား တိုက်သည်။
လက်ဖွဲ့သော အလေ့ရှိသည်။ သတို့သမီးအရံ၊ သတို့သားအရံနှင့် လက်ထပ်ပေးသူတို့ဥည်
မိဘစုံလင်စွာရှိပြီး ငယ်လင်၊ ငယ်မယား အိမ်ထောင်စုံများဖြစ်ရသည်။ လူပျို၏
မိဘများက အပျို၏ မိဘများထံ သမီးတောင်းရာတွင် တင်တောင်းသော ပစ္စည်းမှာ ရွှေ၊
ငွေ၊ အ၀တ်အစားများသာ ဖြစ်သည်။ အိမ်နှင့် မြေယာများကို တင်မတောင်းကြပေ။
လက်ထပ်ပွဲကုန်ကျငွေကို ယောက်ျားလေးဖက်က အကုန်ခံရသည်။၏
ရှမ်းပြည်နယ်
မြောက်ပိုင်း အချို့ဒေသများတွင် မိန်းကလေးကို သွားရောက်တောင်းယူရာတွင်
ရေအပြည့်ပါသော ရေတကောင်းတခု၊ နှစ်တောင်ပတ်လည်ရှိသော ဖျာချောတချပ်၊
ကွမ်းဆေးအစုံ ထည့်ထားသော ကွမ်းအစ်တလုံး၊ ဆေးလိပ်ထည့်ထားသော ဆေးလိပ်ခွက်
တခွက်နှင့် သွားတောင်းရသည်။
ရှမ်းပြည်နယ် တောင်ပိုင်း
အချို့ဒေသများတွင် လက်ဖက်စို တပိဿာ၊ ဆားတပိဿာ၊ ကြံသကာ တပိဿာ၊
ဆင်အန်ငှက်ပျောဖီး တဖီးနှင့် မိန်းကလေး မိဘ သို့မဟုတ် အုပ်ထိန်းသူထံ
လာရောက်ကန်တော့ပြီး မိန်းကလေး ၀တ်ဆင်ရန် ရွှေတို ရွှေစ အဆင်တန်ဆာ များကိုပါ
ယူဆောင်သွားရသည်။
တောင်းရမ်းရာတွင် ကွမ်းတော့တော်
ခေါ် တဖက်နှင့်တဖက် အချီအချ စကားပြောဆိုရာတွင် ကြားဝင်ပြောရမည့် စကားပြော
လိမ္မာကျွမ်းကျင်သူ၊ အာဝဇ္ဇန်းရှိပြီး လူမှုရေးရာ သိနားလည်သူ (အများအားဖြင့်
လူပျိုခေါင်း) တစ်ယောက်ယောက်ကို ငှားရမ်းခေါ်ဆောင်ကာ သွားတောင်းလေ့ရှိသည်။
မင်္ဂလာပွဲကိုလည်း သတို့သမီး အိမ်တွင်သာ ပြုလုပ်လေ့ ရှိသည်။
ရှေးရှမ်းပုံပြင်မှ ခွန်ဆန်လောဝ်နှင့် နန်းဦးပြင်တို့ကို အစွဲပြုပြီး
သတို့သား၊ သတို့သမီးအိမ်သို့အလာ လမ်းတွင် ရွှေကြိုး၊ ငွေကြိုးတားကြသည်။
လက်ထပ်ပြီး ခုနှစ်ရက်အတွင်း ခရီးထွက်လေ့မရှိကြပေ။ ယောက္ခ မအိမ်တွင်
အနည်းဆုံး တနှစ်နေပြီးမှ အိမ်ထောင်ခွဲလိုက ခွဲနေကြလေ့ရှိသည်။
(တိုင်းရင်းသား ရိုးရာဓလေ့ ထုံးစံများ-
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စာအုပ်မှ.....
http://shanhistory.blogspot.com/2010/07/blog-post.html မှကူးယူပါသည်။
12/14/2012
ရှမ်းလူမျိုးများ မင်္ဂလာလက်ထပ်ပွဲဓလေ့
12/14/2012
Dim




