လွန်ခဲ့သည့် အနှစ်နှစ် ထောင်ကျော်က ဂရိတ်
ပညာရှိကြီး အရစ္စတိုတယ် (Aristotle) က `လူသည် သဘာဝ အားဖြင့် သိလိုသော ဆန္ဒ
ရှိသည်´ ဟု ဆိုဖူးသည်။ လူသည် အရာရာ၌ သိချင်၊ တတ်ချင်စိတ် ရှိသောသတ္တ၀ါ
ဖြစ်သည်။ ထိုစိတ်ကြောင့် လည်း သိလာ တတ်လာသည်။ ထိုသို့ သိလာ တတ်လာ
သောကြောင့်ပင် လူ၏ နေထိုင်မှု အခြေအနေသည် တိုးတက်လာခဲ့ သည်။
သိချင်သည့် အလျောက် စုံစမ်း လေ့လာ စေ့ငု သောကြောင့် `အသိ´ ကို
ရရှိ လာသည်။ အသိ ရှိလာ သောကြောင့် `အတတ်´ကို ရရှိ လာသည် အသိ၊ အတတ်
တို့ကြောင့် `ပညာ´ သည် ပေါ်ထွန်း လာလေသည်။ ယခု အခါ၌မူ အသိ ကိုလည်း ပညာဟု
ခေါ်ကြသည်။ `ပညာ ဗဟုသုတ´ ဟု ဆိုကြသည်။ အတတ်ကိုလည်း ပညာဟု ခေါ်ကြသည်။
`အတတ်ပညာ´ဟု ဆိုကြသည်။
အသိနှင့် အတတ် တို့သည် ပညာ ပေါ်ထွန်းရာ၌ အထောက် အပံ့ ပြုသည်
မှန်၏။ သို့သော် အသိချည်း ပညာ မဟုတ်သေး။ အတတ် ချည်း ပညာမဟုတ်သေး။ အသိနှင့်
အတတ် ပေါင်းစပ်ပြီး နောက် ထို ပေါင်းစပ်ချက်ကို အခြေပြု၍ တွေးခေါ်
မြော်မြင်ခြင်း၊ ဆင်ခြင် သုံးသပ်ခြင်း တို့ကို ပြုပြီးမှ ရရှိသော အဆီ
အနှစ်သည် သာလျှင် `ပညာ´ ဖြစ်၏။ `ပညာ ဟူသော်ကား အပြစ်၊ အကျိုး ခွဲခြမ်း
နိုင်ခြင်း ဥာဏ်တည်း´ ဟု ရှင်မဟာ သီလ၀ံသ၏ `ပါရာယန ၀တ္တု´၌ ဆိုသည်။
`အတတ် ပညာ´၊ `သိပ္ပံ ပညာ´၊ `ဗေဒင် ပညာ´၊ `၀ိဇ္ဇာ ပညာ´ စသည်ဖြင့်
အတတ် များစွာကို `ပညာ´ တပ်၍ ဆိုနေကြ သည်ကို ကန့်ကွက်ရန် မရည်ရွယ်ငြားလည်း၊
အကောင်း အဆိုး၊ အကျိုး အပြစ် တို့ကို ခွဲခြမ်း စိတ်ဖြာ၍ ဝေဖန် နိုင်စွမ်း
ရှိသော ဥာဏ်ကို ဆိုလိုရင်း ဖြစ်သည် ဟူသော အချက်ကို အထူး သတိပြု စေလိုပေသည်။
ဥာဏ်ဆိုသည် မှာလည်း စစ်စစ် အားဖြင့် `အသိ´ပင် ဖြစ်သည်။ အသိ
ဆိုသည် အဆင့်ဆင့် ရှိသည်။ သာမာန် အမြင်၊ အတွေ့ဖြင့် သိသော အသိ၊ စေ့စေ့
စပ်စပ် မြင်တွေ့သော အသိ၊ ထိုးထွင်း၍ မြင်သော အသိ၊ ဆင်ခြင် ဝေဖန်
ပိုင်းခြား၍ သဘော တရားကို သိမြင်သော အသိ စသည်ဖြင့် အဆင့်ဆင့် ရှိသည်။ ပညာ
ဟူသည် မှာလည်း အသိပင် ဖြစ်ပေသည်။ ထို့ကြောင့် အသိ၊ အတတ်၊ ပညာ တို့သည်
ဆက်စပ် နေ၏။ သို့သော် ထိုသုံးမျိုး ရောစပ် ရာ၌ တမျိုးမျိုး၏ အင်အားကို
လိုက်၍ ပညာအရည် အချင်းကို အကဲခတ်၍ သတ်မှတ် ရသည်။
လူတိုင်း၌ အသိ ရှိ၏။ ထိုအသိသည် အပေါ်ယံ အသိနှင့် ထိုးထွင်း၍
သိသော အသိတို့ ဖြစ်လေရာ၊ အချို့ ပုဂ္ဂိုလ်တို့၌ အပေါ်ယံ အသိ၏ အင်အားသာ
ရှိပြီးလျှင် ထိုးထွင်း၍ သိသော အသိအင်အား အလွန် နည်းပါးသည်။ ဥာဏ်နည်းသည်
ဆိုနိုင်သည်။ အချို့ ၌မူ အပေါ်ယံ အသိလည်း ရှိသည်။ ထိုးထွင်း၍ သိသော အသိလည်း
ရှိ၏။ မှန်းတမ်း အဆင့်၌ ရှိကြသည်။ အချို့မှာကား ထိုးထွင်း၍ သိမြင်သော
အသိအင်အား ကောင်းသဖြင့် အပေါ်ယံ အသိကို အခြေပြု၍ သူတကာ မြင်နိုင်ခဲ့သည့်
အမြင်၊ သိနိုင် ခဲ့သည့် အသိတို့ကို ရရှိပေသည်။ ဥာဏ်ကြီးသော ပုဂ္ဂိုလ်များ
ပေတည်း။
လူလူခြင်း အမြင် အားဖြင့် တူညီသော်လည်း ဥာဏ်အရည်အချင်း၌ ကွာခြား
သွားသည်။ ထို့ကြောင့် လူတော်နှင့် လူညံ့ဟူ၍ အမျိုးအစား ကွဲပြားလေသည်။
ဥာဏ်ထက်မြက်သူသည် အတတ် ပညာသင်ယူရာ၌ အခြားသူ တို့ထက်ပို၍ ပေါက်ရောက် ဖြစ်
မြောက်သည်။ `တထွာပြ တလံမြင်သည်´ ဟူသော ဆိုရိုးစကားသည် ထိုပုဂ္ဂိုလ်တို့
အတွက် ပေါ်ပေါက်လာသည်။´
ပင်ကိုဥာဏ် ထက်မြက်ခြင်းသည် ကောင်းခြင်း လက္ခဏာ တစ်ခု ဖြစ်ပေ၏။
သို့သော် ဥာဏ်ဟူသည် ဓားနှင့် တူသည်။ သွေးနိုင်မှ ထက်သည်။ ပစ်ထားလျှင်
သံချေးတက်၍ တုံးချေမည်။ ထို့ကြောင့် ဥာဏ်၏ နောက်တွင် ၀ီရိယ ပါရသည်။ ၀ီရိယ
ဟူသည် `အားထုတ်မှု´ ဖြစ်သည်။ လူတိုင်း၌ စွမ်းအား ရှိ၏။ ထိုစွမ်းအားကို ထုတ်၍
သုံးသူသည် အားကောင်းမည်။ အားကြီး လာမည်။ ထုတ်၍ မသုံးဘဲ ထားလျှင် အလဟဿ
ဖြစ်မည်။ အားထုတ်မှုသည် အရေး အကြီးဆုံး ဖြစ်၏။ အမြဲတမ်း အားထုတ်၍ ကြိုးပမ်း
နေခြင်းကို `လုံ့လပြုသည်´ဟု ဆိုကြသည်။ ထို့ကြောင့် `လုံ့လ၊ ၀ီရိယ´ဟူ၍
ပူးတွဲ ဝေါဟာရ ဖြစ်လာသည်။ ဥာဏ်၌ ၀ီရိယ မပါလျှင် ထက်မြက်ခြင်းသည်
တဖြည်းဖြည်း လျော့ပါး သွားချေမည်။ တဖြည်းဖြည်း တုံးဖို့သာ ရှိတော့သည်။
ပညာသင်ကြားရေး (တနည်းဆိုသော်) `ပညာရေး´ကို အင်္ဂလိပ်လို Education
ဟု ခေါ်ဆိုသည်ကို အများသိကြသည်။ ထိုဝေါ ဟာရသည် Educere ဟူသော လက်တင်ဘာသာ
ဝေါဟာရမှ ဆင်းသက်လာသည်။ အဓိပ္ပါယ်ရင်းမှာ `ဦးဆောင်၍ ခေါ်ယူသည်။ ဆွဲထုတ်သည်´
ဟူ၏။ ဆိုလိုသည်မှာ တစ်ဦးက အခြားတစ်ဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ လိုအပ်သည့်
ပန်းတိုင်သို့ ရောက်လေအောင် ဦးဆောင်၍ ခေါ်ခြင်း၊ တစ်ဦးသော ပုဂ္ဂိုလ် (သို့)
တစ်ခုသော ပစ္စည်းက ပုဂ္ဂိုလ် တစ်ဦး၏ နစ်မြုပ်လျှက် ရှိသော စွမ်းရည်တို့ကို
ဆွဲထုတ် ပေးခြင်း ဖြစ်သည်ဟု ယူဆပါသည်။
`ပညာရေးသည် ကျွန်ုပ်တို့ အားလုံး၌ ရှိသော စွမ်းရည် တို့ကို ညီညီ
ညွတ်ညွတ် တိုးတက် စေရေးပင် ဖြစ်သည်။ ပညာရေးသည် ကလေးငယ် များကို ထိန်းသိမ်း
စောင့်ရှောက်သည့် အခန်းမှ ကျောင်းခန်းသို့ ဆက်၍ ရောက်ရှိ သွားသည်။
နောက်ကျောင်းငယ်၊ ကျောင်းကြီးတို့၌ သင်ယူ ပြီးသော်လည်း ပညာ သင်ယူမှုသည်
မပြီးဆုံးပေ။ တစ်သက်လုံး ဆက်လက် သင်ယူ နေရ၏။ ဗြိတိသျှ သမိုင်း ပညာရှင်ကြီး
အက်ဒွပ်ဂစ်ဗန်း (Edward Gibbon, 1737 – 94) က လူတိုင်း၌ ပညာသင်ယူမှုသည်
နှစ်မျိုးရှိသည်။ ပထမသည်။ သူတပါးက မိမိအား သင်ကြားပေးခြင်း ဖြစ်သည်။
နောက်တစ်မျိုးကမူ မိမိကိုယ်တိုင် မိမိက သင်ကြားပေးခြင်း ဖြစ်၏ဟု ဆိုသည်´
ဟူ၍ ဂျွန်လွှတ်ဘတ် (John Lubbok) က သူ၏ `ဘ၀ကို အသုံးပြုခြင်း´ (The Use of
Life) စာအုပ်၌ ဆိုသည်။
သူတစ်ပါးထံမှ သင်ယူခြင်း လုပ်ငန်းကို လူတိုင်း ငယ်စဉ်ကတည်းက
ပြုလုပ်သည်။ ကျောင်း၌ အတတ် ပညာတို့ကို သိကျွမ်း နားလည်အောင် သင်ယူရသည်။
ကျောင်းမနေဦးတော့၊ လုပ်ငန်းခွင် တစ်ခုခုမှာ လုပ်ငန်း တတ်ကျွမ်းသူ ဆရာထံမှ
လုပ်ပုံ လုပ်နည်းတို့ကို သင်ယူရသည်။ ထိုသို့ သင်ယူခိုက်မှာပင် မိမိကိုယ်ကို
မိမိ ပညာသင်ပေး၍ သင်ယူရသည်။ ဒုတိယ လုပ်ငန်းကိုမူ လူတိုင်း မလုပ်ကြချေ။
ပင်ကိုဥာဏ်ဖြင့် ထိုးထွင်း သိမြင်အောင်၊ တတ်ကျွမ်းအောင် လုပ်ယူ ရသောကြောင့်
လူတိုင်းက မပြုလုပ် လိုချေ။ အချို့ကသာ ပြုလုပ် ကြသည်။
ဤနေရာ၌ပင် လူနှစ်မျိုး ခွဲခြား ထွက်ပေါ်လာသည်။ သူတစ်ပါး
သင်ပေးသမျှနှင့် ကိစ္စ ပြီးနေသူတို့သည် အများစု ဖြစ်သည်။ သူတို့သည်
ရွက်ကြမ်း ရေကျို သာမာန် ပုဂ္ဂိုလ်များ ဖြစ်သည်။ မိမိကိုယ်ကို မိမိ တသက်လုံး
ပညာသင်ပေးပြီး ပညာ သင်ယူနေသူတို့သည် ထိုသူများထက် ပို၍ ထက်မြက်သော
ဥာဏ်ရှိသည်။ ကျယ်ပြန့်သော အမြင် ရှိသည်။ စွမ်းဆောင်နိုင်အား ပို၌ ရှိသည်။
ထို့ကြောင့်ပင် ထိုသူတို့သည် အများ၏ ရှေ့မှာနေ၍ အများကို ဦးဆောင် ကြရသည်။
ဂစ်ဗန်း ဆိုလိုသော ပညာရေးသည် `ဘက်စုံ ပညာရေး´ ဖြစ်သည်။ လူ၏
စွမ်းရည် အမျိုးမျိုးကို ညီညွတ်စွာ တိုးတက် စေရေးဟု ဆိုထားသည်။ လူ၌
စွမ်းရည် အမျိုးမျိုး ရှိ၏။ ထိုစွမ်းရည်တို့ကို အချိုးအစား ညီညီ၊ ဟန်ချက်
ညီညီ တိုးတက်လာရန် ကြိးပမ်းရေး သည် ပညာရေးပင် ဖြစ်၏။ ဘက်စုံ ပညာရေး၌
ဗဟုသုတသည် အရေးပါလှ၏။ ဗဟုသုတသည် များစွာသော အကြားအမြင်၊ အတွေ့အကြုံတို့ပင်
ဖြစ်သည်။
စာတွေ့၊ ကိုယ်တွေ့ နှစ်မျိုးလုံးကို ဆိုလိုသည်။ ထိုထိုသော
အကြားအမြင်၊ အတွေ့အကြုံ တို့ကို စာတွေ့ကိုယ်တွေ့ တို့မှ တသက်ပတ်လုံး
ဆည်းပူးပါမှ ပင်ကိုဥာဏ်ဖြင့် ထိုးထွင်း သိမြင် တတ်သော ပညာအစစ်ကို ရရှိနိုင်
ပေမည်။ ကိစ္စ တခုခု၊ ပြဿနာ တရပ်ရပ်၌ ပါရှိသော အကြောင်းအရာ၊ အချက်
အလက်တို့ကို ရှာဖွေ ထုတ်ဖော်ပြီးလျှင် ဆင်ခြင်၍ မှန်ကန် သင့်မြတ်သော
ကောက်ချက်၊ ဆုံးဖြတ်ချက် တို့ကို ချမှတ်ပြီးနောက် လိုအပ်သလို ဆောင်ရွက်ရန်၊
ကျယ်ပြန့် သောအမြင် ရှိဖို့လိုသည်။ ထိုအမြင် ရရှိရေး၌ ဗဟုသုတသည် အလွန်ပင်
အရေးပါလှ၏။ ထို့ကြောင့် စာတွေ့ ကိုယ်တွေ့ ဟူသော အတွေ့အကြုံ နှစ်မျိုးကို
တသက်ပတ်လုံး ဆည်းပူး ပြီးလျှင် သင်ယူ နေရပေသည်။
စာတွေ့ ကိုယ်တွေ့တို့ကို ရှာဖွေပြီးလျှင် မိမိ၏ ပင်ကို
ဥာဏ်ဖြင့် ထိုးထွင်း သိမြင်အောင် ကြိုးပမ်းမှသာ အတွေ့ အကြုံတို့၏ အနှစ်
သာရကို ရနိုင်ပေမည်။ တွေ့ကာ ကြုံကာမျှဖြင့် ပညာ မရနိုင်ပေ။ ဤကိစ္စ၌
ဥာဏ်ပညာသင် အလွန်ပင် လိုအပ်၏။ ဆိုကြ ပါစို့၊ အတွေ့အကြုံ တခုကို လူနှစ်ယောက်
ကြုံတွေ့ ကြရ၏။ ထိုအတွေ့ အကြုံမှ ရသော ပညာရလာဒ်ချင်း တူမည် မဟုတ်။
ကိုယ်ပိုင်ဥာဏ်၏ အစွမ်းပေါ်၌ မူတည်၍ ရယူရသော ပညာဖြစ်သဖြင့် မတူနိုင်ပေ။
အသိချင်း တူ၏။ ပညာချင်း မတူပေ။ အရည် အသွေးချင်း ကွာနေတတ်သည်။
`အမေ မှာတဲ့အတိုင်း၊ ဆရာသင် ပေးတဲ့အတိုင်း´ သာ လုပ်တတ်သူနှင့်၊
အရိပ်ပြ အကောင်ထင်သော ဥာဏ်နှင့် လမ်းစ ဖော်ပေး လိုက်ရုံဖြင့် လမ်းမှန်
လျှောက်၍ ခရီးရောက်သူ တို့သည်၊ ပထမ အခြေအနေ၌ အဆင့်တူ သော်လည်း တဦးက
ရှေ့သို့ တိုးတက် သွားသည်။ ကျန်တစ်ဦးက ကျန်ခဲ့လေသည်။
အတတ် ပညာတို့သည် အမျိုးမျိုး ရှိကြ၏။ လူ့လောက၌ ရေတွက်၍ မကုန်
နိုင်လောက်အောင် များပြားလှ၏။ အားလုံးကို သင်ကြား တတ်မြောက်
နိုင်မည်ဆိုလျှင် ဆိုသူ ရူးရာကြမည်။ သို့သော် အချို့ အတတ်ပညာကို ကောင်းစွာ
တတ်မြောက်အောင် သင်ယူ ထားပြီးလျှင် အခြား အတတ်ပညာ အချို့ကို ခေါက်မိရုံမျှ
သိထားလျှင် ကောင်းပေမည်။ စာမျိုးစုံ ဖတ်ဖို့ လိုမည်။
တတ်ကျွမ်းသူတို့၏
ပြောကြားချက်တို့ကို ကြားနာဖို့လည်း လိုသည်။ အခါအခွင့် ကြုံတိုင်း
စာကြည့်တိုက်မှ စာအုပ် စာတမ်းများ ငှားယူ ဖတ်ရှုသင့်သည်။ ငှားယူ သွားခွင့်
မရှိသည့် စာအုပ်စာတမ်း တို့ကို အချိန်ရတိုင်း စာကြည့်တိုက်မှာပင် ဖတ်ရှု
မှတ်သား ရပေမည်။ နှီးနှော ဖလှယ်ပွဲများ၊ စာတမ်း ဖတ်ပွဲများ သို့လည်း
အခွင့်ကြုံတိုင်း တက်ရောက် သင့်ပေသည်။
`ကျွန်ုပ်၏ အတွေ့အကြုံ အရဆိုရပါမူ ကျောင်းသင် ပညာရေးသည်
သာမာန်မျှသာ ဖြစ်သည်။ ပို၍ အရေးပါသည်မှာ တသက် ပတ်လုံး မိမိကိုယ်ကို မိမိ
သင်ပေးခြင်းပင် ဖြစ်သည်။ ရောက်ဖို့ ခက်ခဲသော၊ ဝေးလံသော၊ လူ့တန်ဖိုး အစစ်ကို
ဖော်ထုတ်သော ပန်းတိုင်သို့ အရောက်သွားရန် အားသွန် ကြိုးပမ်းခြင်းသည်
အထူးလိုအပ်၏။ ပညာတစ်ရပ်ရပ်၌ အထူး လေ့လာ သင်ကြားခြင်း သည် ကောင်းပါ၏။
သို့သော် ကြီးကျယ် ခက်ခဲသော လုပ်ငန်းများ အတွက် လိုအပ်နေသည်မှာ ပညာရပ်
တစ်ခု၌ တစ်ဖက် ကမ်းခတ် တတ်မြောက်သော ပညာရှင်မျိုး မဟုတ်။ သမိုင်း၊
ယဉ်ကျေးမှု၊ စာရိတ္တ စသည့် ပညာတို့ အကျုံးဝင်သော ပညာကို တတ်ကျွမ်းသော၊
ထောင့်ချိုး ညီသော၊ လူပီသသော ပုဂ္ဂိုလ်တို့ပင် ဖြစ်သည်´ ဟု အမေရိကန် စာရေး
ဆရာကြီး ဂျိန်းစ်အေ မစ်ချနား (James A. Michener) က ဆိုသည်။
(`ထောင့်ချိုးညီသော၊ လူပီသသော ပုဂ္ဂိုလ်တို့´ ဟူ၍ မြန်မာ ပြန်လိုက်သော
အင်္ဂလိပ် မူရင်းသည် Well-rounded human beings ဖြစ်သည်။´) Human ဟူသော ဝေါဟာရကို အထူးပြုသည့် အနေဖြင့် စာလုံးစောင်းများဖြင့် ရေးထားသည်။ ထို့ကြောင့် လူပီသသောဟု ပြန်ဆို လိုက်ရပါသည်။
`ပညာဆိုသည် အိုသည်မရှိ´ ဟူသော ဆိုရိုးအတိုင်း တသက်တာ ပညာသင်ယူမှု
ပြုနေရမည် ဖြစ်ရာ မိမိထက် တတ်ကျွမ်းသူ ဆိုလျှင် သားအရွယ်၊ မြေးအရွယ်ပင်
ဖြစ်စေကာမူ မိမိက ဆရာတင်၍ သင်ယူရ ပေမည်။ မိမိကိုယ် မိမိ သိလှ၊ တတ်လှပြီ
အထင် ကြီးသူသည် ပညာ တံခါးကို ပိတ်ထားသူ ဖြစ်သည်။ သူ့အမြင်သည် တစ်နေ့ တခြား
ကျဉ်းမည်။ မှုန်ဝေ လာမည်။ မိမိ၏ ဦးနှောက်သည် တဖြည်းဖြည်း ခြောက်လာမည်။
နှလုံးသားသည် တစ်နေ့ တခြား ကျုံ့လာမည်။ နောက်ဆုံး၌ မည်သူမှ မကပ်ဝံ့၊
မကပ်ချင်သည့် ပညာရှိ စာခြောက်ရုပ်ကြီး ဖြစ်သွား လေတော့မည်။
တက်တိုး
12/08/2012
အသိ၊ အတတ်၊ ပညာ
12/08/2012
Dim




