၁။ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း မိန်းကလေးအများစုက
ကိုယ်အလေးချိန် လျော့နည်းသွားတာကို သဘောကျတတ်ကြပါတယ်။ လေ့ကျင့်ခန်း
မလုပ်ပါဘဲ၊ အစားအသောက် လျော့စားတာမျိုး မရှိပါဘဲ တစ်လအတွင်း ကိုယ်အလေးချိန်
၁၀ ပေါင်လောက် ရုတ်တရက် ကျသွားတဲ့အခါ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းတာက ကင်ဆာရောဂါနဲ့ ဆက်စပ်မှုရှိသလို
တခြားအကြောင်းဖြစ်တဲ့ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုတွေ
များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ပြသပါ။ ဆရာဝန်က
သိုင်းရွိုက်ဂလင်းနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုတွေ၊ ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါ
အစိတ်အပိုင်းတွေကို CT ရိုက်ပြီး စစ်ဆေးတာတွေ ပြုလုပ်ပေးပါလိမ့်မယ်။
၂။ လေပွခြင်း လေပွတာက အများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါတယ်။ ဒါပေမဲ့
သားဥအိမ်ကင်ဆာမှာလည်း လေပွတာ ဖြစ်စေနိုင်ပါတယ်။ သားဥအိမ်ကင်ဆာမှာ
တခြားလက္ခဏာတွေ အနေနဲ့ ဝမ်းဗိုက်နာကျင်တာ၊ တင်ပါးဆုံရိုးတွေ နာကျင်တာ၊
အစာနည်းနည်းပဲ စားပြီး ပြည့်အင့်နေတာ၊ ဆီးသွားချင်တာနဲ့ ထွက်ကျတာကြောင့်
အိမ်သာကို အပြေးသွားရတာတွေပါ ဖြစ်နိုင်ပါတယ်။ လေပွတာကို နေ့စဉ်ခံစားနေရပြီး
ရက်သတ္တပတ် အနည်းငယ်အထိ ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
၃။ ရင်သားတွင် ပြောင်းလဲမှုဖြစ်ခြင်း အမျိုးသမီးအများစုက ရင်သားကို
ကိုယ်တိုင်စမ်းသပ်မှုတွေ ပြုလုပ်တတ်ကြပါတယ်။ ရင်သားမှာ တစ်ခုခု
ထူးခြားတိုင်း ကင်ဆာရဲ့ လက္ခဏာလို့တော့ ပြောလို့မရပါဘူး။ ရင်သားတစ်ဝိုက်မှာ
ရှိတဲ့ အရေပြားနီရဲတာ၊ ထူလာတာတွေက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်ဖြစ်ဖို့
အလွန်ခဲယဉ်းပေမယ့် ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိလာတဲ့အခါ ဆရာဝန်နဲ့ပြသပြီး
စစ်ဆေးမှု ခံယူတာက အကောင်းဆုံးပါ။ အဖု၊ အကျိတ် စတဲ့ပြောင်းလဲမှု
တစ်စုံတစ်ရာကို သင်သတိထားမိခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသ စစ်ဆေးရပါမယ်။
ရင်သားမှာ ပြောင်းလဲမှု တစ်စုံတစ်ရာကြောင့် ဆရာဝန်က သင်ရဲ့ရောဂါ ရာဇဝင်ကို
မေးမြန်းတာ၊ ရင်သားကို စစ်ဆေးတာ၊ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ
ပြုလုပ်တာတွေကို ဆောင်ရွက်ပါလိမ့်မယ်။
၎။ ရာသီလာရက် မဟုတ်ဘဲ သွေးဆင်းခြင်း သွေးမဆုံးခင် အမျိုးသမီးတွေ အနေနဲ့
ရာသီလာချိန် မတိုင်ခင် သွေးဆင်းတာက စောတတ်ကြပေမယ့် သွေးဆုံးပြီး
အမျိုးသမီးတွေမှာ ရာသီသွေး ပြန်ဆင်းတယ် ဆိုရင်တော့ သတိထားဖို့ လိုပါတယ်။
သားအိမ်ကင်ဆာရဲ့ အစောဆုံး လက္ခဏာရပ် ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်
အထူးကုနဲ့ ပြသတိုင်ပင်ဖို့ လိုပါတယ်။
၅။ အသားအရေ ပြောင်းလဲခြင်း အများစုက အရေပြားကင်ဆာ ရောဂါကို
ကြိုတင်သိမြင်နိုင်ဖို့ အရေပြားမှာရှိတဲ့ မှဲ့တွေရဲ့ ပြောင်းလဲမှုကို
ကြည့်ရှုစစ်ဆေးရမယ် ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ မှဲ့တွေတင်မကဘဲ
အသားအရေရဲ့ အရောင်ပြောင်းလဲမှု၊ အရေပြားက သွေးထွက်တာ၊ အရေပြားကွာကျမှု
များတာတွေကိုလည်း ကြည့်ရှုစစ်ဆေးဖို့ လိုပါတယ်။ ထူးခြားမှုတစ်ခုခု ရှိပါက
အချိန်ကြာကြာ စောင့်မနေဘဲ အရေပြား အထူးကုဆရာဝန်နဲ့ ပြသစစ်ဆေးပါ။
၆။ မျိုချရခက်ခဲခြင်း အစားအသောက်စားရာမှာ သင့်အနေနဲ့ မျိုချရ
ခက်ခဲနေပါသလား။ အစာအမာတွေ အစား အရည်ပြောင်းစားပေမယ့် မျိုချရ ခက်ခဲတာ
မသက်သာဘဲ ဖြစ်နေပါသလား။ အစာအိမ်ကင်ဆာရဲ့ လက္ခဏာရပ် တစ်ခုဖြစ်တာကြောင့်
ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။
၇။ ဆီး၊ ဝမ်းတွင် သွေးပါခြင်း ဆီးသွားတဲ့အခါ ဆီးထဲမှာ သွေးပါတာ၊
ဝမ်းသွားတဲ့အခါ ဝမ်းထဲမှာ သွေးပါတွေက အူမကြီးကင်ဆာရဲ့ လက္ခဏာတစ်ရပ်
ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ကတော့ မိန်းမကိုယ်က ဆင်းတဲ့
ရာသီသွေးနဲ့ ခွဲခြားသိဖို့ လိုပါတယ်။ ဆရာဝန်ဆီ ပြသပြီး စစ်ဆေးမှု
ခံယူသင့်ပါတယ်။ ဆီးအိတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာတွေ ဟုတ်၊ မဟုတ်ပါ
စစ်ဆေးပါလိမ့်မယ်။
၈။ ဝမ်းဗိုက်နာကျင်ခြင်းအပေါ် စိတ်မသက်မသာ ဖြစ်နေခြင်း
တချို့အမျိုးသမီးတွေက ဝမ်းဗိုက်ရဲ့ နာကျင်မှု ခံစားရတဲ့အပေါ်မှာ စိတ်ဓာတ်
ကျဆင်းတာမျိုး ရှိတတ်ပါတယ်။ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပန်ကရိယ ကင်ဆာက ဆက်စပ်မှု
ရှိနေပေမယ့် ဘာကြောင့်ဖြစ်ရတဲ့ အကြောင်းပြချက်ကိုတော့ ရှင်းပြရ
ခက်ခဲတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
၉။ အစာမကြေခြင်း အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်ခါစမှာ အစာမကြေတာ၊
ကိုယ်အလေးချိန် အနည်းငယ် တက်လာတာမျိုး တွေကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့
အကြောင်း တစ်စုံတစ်ရာမရှိဘဲ အစာမကြေ ဖြစ်နေတယ်ဆိုရင်တော့ အစာရေမျိုကင်ဆာ၊
အစာအိမ်ကင်ဆာနဲ့ လည်ချောင်းကင်ဆာတွေရဲ့ ရှေ့ပြေးလက္ခဏာ တစ်ရပ်
ဖြစ်နိုင်တာကြောင့် ပေါ့ဆ မနေသင့်ပါဘူး။ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
၁၀။ ပါးစပ်အတွင်း ပြောင်းလဲခြင်း ဆေးလိပ်သောက်သူတွေရဲ့ ခံတွင်းမှာ
အဖြူရောင် အဖတ်လေးတွေ၊ လျှာပေါ်မှာ အဖြူရောင် အစက်အပြောက်တွေ တွေ့ရှိပါက
သတိပေး လက္ခဏာရပ် ဖြစ်နိုင်ပါတယ်။ ဒါတွေက ခံတွင်းကင်ဆာရဲ့
ရှေ့ပြေးလက္ခဏာရပ်တွေ ဖြစ်နိုင်တာကြောင့်ပါ။
၁၁။ နာကျင်ခြင်း အသက်အရွယ် ရလာသူတွေမှာ နာကျင်တယ်၊ ကိုက်ခဲတယ်
ပြောတတ်ကြပါတယ်။ အဲလို နာကျင်ကိုက်ခဲမှုတွေက နေရာအတိအကျ မပြနိုင်ဘဲ
ဝိုးတိုးဝါးတား ဖြစ်နေမယ်ဆိုရင် ကင်ဆာရောဂါရဲ့ အစောဆုံး လက္ခဏာရပ်
ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကင်ဆာဖြစ်တဲ့ နေရာက နာကျင်တာတော့ မဟုတ်ပါဘူး။
နာကျင်မှုတွေကို ဆက်တိုက်ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး
စစ်ဆေးမှုကို ခံယူပါ။
၁၂။ ပြန်ရည်ကြော အကျိတ်များ ပြောင်းလဲခြင်း သင်ရဲ့လည်ပင်းနဲ့
ချိုင်းကြားမှာရတဲ့ ပြန်ရည်ကြော အကျိတ်တွေ ရောင်ရမ်းတာ၊ အဖုအကျိတ်
ဖြစ်တာတွေ တွေ့ရှိပါက ဆရာဝန်နဲ့ပြသပါ။
၁၃။ ဖျားနာခြင်း တုပ်ကွေးဖြစ်တာ၊ ပိုးမွှားကူးစက်တာတွေကြောင့်
ဖျားနာမှုတွေ ခံစားရနိုင်တယ် ဆိုပေမယ့် မကြာခဏ ဖျားနာနေရင်တော့
ဂရုပြုသင့်ပါတယ်။ ကင်ဆာရောဂါက စဖြစ်တဲ့ နေရာကနေ တခြားတစ်နေရာကို
ပျံ့နှံ့နေတဲ့ တချို့ ကင်ဆာရောဂါ တွေမှာလည်း ဖျားနာတာကို ဖြစ်စေပါတယ်။
အသားဝါပြီး ဖျားနာတယ်ဆိုရင်တော့ သင့်အသည်း အတွက်ပါ အလေးထား ဂရုပြုဖို့
လိုအပ်ပါတယ်။
၁၄။ နုံးခွေခြင်း နုံးခွေတာက ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး လွတ်သွားနိုင်တဲ့
အချက်တစ်ချက်ပါပဲ။ နုံးခွေတာက သွေးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ
ရောဂါတွေရဲ့ အစောဆုံး လက္ခဏာတစ်ရပ် ဖြစ်နေနိုင်တာကြောင့်ပါ။
၁၅။ ချောင်းဆိုးရက် ကြာရှည်နေခြင်း တုပ်ကွေး အအေးမိတာ၊
ဓာတ်မတည့်တာတွေရဲ့ နောက်ဆက်တွဲ အဖြစ် ချောင်းဆိုး ကျန်ခဲ့နိုင်ပါတယ်။
ဒါပေမဲ့ ချောင်းဆိုးတာက သုံး- လေးပတ်ကြာ ချောင်းဆိုးနေရင်တော့ ဆရာဝန်နဲ့
ပြသစစ်ဆေးဖို့ လိုပါတယ်။
12/05/2012
ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာများ
12/05/2012
Dim




