7/08/2012

မုဆိုးမ အိမ်က.. ဓါး

@ ဓါးတော့ ဓါး

မုဆိုးမအိမ်က ဓါး..တဲ့

ရှေးစကား

အတွေးပွား

ကျုပ် မကြားရက်။

@ ဓါးတစ်လက်

အသွားထက်ဖို့ အရေး

လက်နဲ့ပဲ သွေးသွေး

စက်နဲ့ပဲ သွေးသွေး

သွေးတတ်ဖို့ပဲလိုတယ်။

@ ဓါးသွေးသမားဟာ

ယောက်ျားလား မိန်းမလား

ဘယ်လိုလူစားလဲ

ခွဲခြားနေဖို့ မလို။

@ ယောက်ျားပဲ ဖြစ်ဖြစ်

မိန်းမပဲ ဖြစ်ဖြစ်

စနစ်တကျ သွေးတတ်မှ

ထိရှတဲ့ ဓါးတစ်လက်

အသွားထက်မယ်။

@ မိန်းမ ယောက်ျား

ခွဲခြားတဲ့ခေတ်

သမိုင်းမြစ်ထဲ

ကျန်ရစ်ခဲ့ပြီ။

@ ယောက်ျားသွေးလို့လည်း

မြှောက်စားပေးဖို့ မလို..

မိန်းမသွေးလို့လည်း

နှိမ့်ချတွေးဖို့မလို..။

@ ဓါး ဆိုရင်

သွေးချင်တဲ့သူ သွေး

အရေးကြီးတဲ့ အချက်

အသွေးသွက်ရမယ်

အသွားထက်ရမယ်

အသွားထက်ထက်

ဓါး တစ်လက်

အများအတွက် ဖြစ်ရမယ်။

@ ဒီတော့..

လင်မရှိတဲ့ ဘဝ

မုဆိုးမလည်း

သူ့အိမ်က ဓါး

အသွားထက်ဖို့

သူ့လက်ကိုအားကိုး

အမျိုးမျိုးကြိုးစား

သူ့ဓါး သူသွေးမှာပဲ။

@ ဒါနဲ့များဗျာ..

ရှေးစကား

မုဆိုးမအိမ်က ဓါး..တဲ့

ကျုပ် မကြားရက်ဘူးဗျာ။ ။

မင်းတံခွန်

(Noble Boy)

(3-7-2012 -မြန်မာ အမျိုးသမီးများနေ့သို့...)