4/13/2012

"နာ"

နံနက်ခင်း တစ်ခုမှာ လမ်းလျှောက်ထွက်ရင်း ကျွန့်တော့ကို ရူပဗေဒ သင်ပေးခဲ့တဲ့ ဆရာ ဦးကျော်တင့်နဲ့ တွေ့တယ်။ ကျွန်တော် တတိယနှစ် ကျောင်းသား ဘ၀တုန်းက မန္တလေး တက္ကသိုလ်မှာ ဆရာနှင့် ရင်းနှီးခဲ့တယ်။
ဆရာက အသက် (၇၀)ကျော်ပြီ။ ဆံပင်တွေကလည်း တစ်ခေါင်းလုံး ဖွေးနေပြီ။ ဆရာက အရပ်ပုတယ်။ အသားညိုတယ်။ ဆရာက ငယ်ငယ်တုန်းက ဆိုရင် အပြေး ချန်ပီယံ ဖြစ်ခဲ့ဖူးတယ်။ အခုလည်း အားကစား ဘောင်းဘီအရှည်ကို ၀တ်ပြီး လမ်းလျှောက်ထွက်လာတဲ့ ဆရာနဲ့ မမျှော်လင့်ပဲ လမ်းမှာ ဆုံကြတယ်။ ဆရာက မြို့သစ်မှာ နေတယ်။
“မောင်ဘုန်း အရင်က လမ်းလျှောက်တာ မတွေ့မိပါဘူး”
“ဟုတ်တယ်ဆရာ။ သီတင်းကျွတ် ကျောင်းအားရက်မို့ လမ်းလျှောက် ထွက်ဖြစ်တာပါ ဆရာ။ ဆရာ နေကောင်းတယ်နော်။”
“နေကောင်းလို့ လမ်းလျှောက် ထွက်နိုင်တာပေါ့ကွ”
ကျွန်တော့်ဆရာက စကားပြောရင် ပြတ်သားတယ်။ ထိထိမိမိ ပြောတတ်တယ်။ စာသင်ရင် အပိုစကား ဘယ်တော့မှ မပြောဘူး။ ရယ်စရာ မောစရာ စကားတွေကိုတော့ ရံဖန်ရံခါ ပြောတတ်တယ်။ စာသင်ရင်လည်း စကားလုံး နည်းနည်းနဲ့ နားလည်အောင် ရှင်းပြတတ်တယ်။ ကျွန်တော်ကလည်း အမေးအမြန်း ထူတဲ့သူဆိုတော့ ဆရာက ကျွန်တော့်ကို မှတ်မိတယ်။ အဲဒီနေ့က ဆရာနဲ့အတူ လမ်းလျှောက်ရင်း စကားတွေ ပြောဖြစ်ကြတယ်။

“မင်းအခု စာသင်နေတယ်ဆို”
“ဟုတ်တယ် ဆရာ”
“မင်းသတင်းတွေ ငါကြားပါတယ်။ ကြော်ငြာဝေပြီး ဆရာလုပ်တဲ့ ခေတ်ဆိုတော့ ဆရာတစ်ယောက် ဖြစ်ရတာ အဓိပ္ပါယ် မဲ့သလိုပဲကွ”
“ဗျာ… ဆရာ”
“ဟုတ်တယ်လေကွာ။ သင်ရိုးထဲက စာတွေ ဖတ်တတ်ရုံ၊ နားလည်ရုံနဲ့ ဆရာ လုပ်စားတယ် ဆိုတာ ရှက်စရာ ကောင်းပါတယ်ကွာ။ စာဂုဏ်ထူး ထွက်အောင် သင်နိုင်တာ မဆန်းပါဘူးကွ။ စိတ် ဂုဏ်ထူး ထွက်အောင် သင်နိုင်မှ ကိုယ့်ကိုယ်ကို ဆရာတစ်ယောက်လို့ ဂုဏ်ယူသင့်တယ်”
ကျွန်တော့်ရဲ့ ငယ်ဆရာပီပီ ကျွန်တော့ကို ဆုံးမ နေပါတော့တယ်။
“မင်းကို ငါမေးရဦးမယ်။ ဆရာမှာ ‘နာ’ (၃)နာ ရှိတယ်လို့ မင်းကြားဖူးတယ်နော်။ ဘာတွေလဲ ပြောစမ်း”
“ဆရာကလည်းဗျာ ဒါများ လူတိုင်းသိတယ်။ စေတနာ၊ ၀ါသနာ၊ အနစ်နာ။ လွယ်လွယ်လေးပါ။”
“ဟုတ်ပါပြီကွာ။ အဲဒီ ‘နာ’ (၃)နာထက် အရေးကြီးတဲ့ ‘နာ’ (၁)ခု ရှိတယ်။ မင်းသိလား။”
“ကျွန်တော်တော့ မကြားဖူးဘူး ဆရာ”
“စဉ်းစားပြီး ဖြေလေကွာ”
“အကြင်နာလား ဆရာ”
“မဟုတ်ဘူး။ မင်း အနုအရွ စဉ်းစားတဲ့ ကောင်ပဲ”
“ဒါဆိုရင် ဘာဝနာလား ဆရာ”
“မင်း တော်တော်ရယ်ရတဲ့ အကောင်ပဲ။ တော်တော်ညံ့တဲ့ အကောင်။”
“ဒါဖြင့်ရင် ဂရုဏာလား ဆရာ”
“မဟုတ်ဘူးကွ။ ငါပြောတဲ့ ‘နာ’ က ‘နငယ်’ နဲ့ ‘နာ’ ကို ပြောတာ။ မင်းကို ဆက်မေးရဦးမယ်။ ဆရာဆိုတာ ဘာလဲ။”
“စာသင်တဲ့သူက ဆရာပဲပေါ့ ဆရာရယ်”
“ညံ့ပြန်ပြီ ငါ့တပည့်ရာ။ ငါပဲ ပြောမယ်။ စာသင်တဲ့သူက ဆရာဆိုတာ ဟုတ်တယ်။ ဒါပေမယ့် မိဘလည်း ဆရာပဲကွ။ ဘုရားလည်း ဆရာပဲ။ တရားလည်း ဆရာပဲ။ သံဃာလည်း ဆရာပဲ။ ဒီလိုပဲ ခေါင်းဆောင်ကလည်း ဆရာပဲကွ”
ဆရာ ဦးကျော်တင့်က ကျွန်တော့်ကို စိတ်ပါလက်ပါ အားရပါးရ ပြောနေပါတော့တယ်။
“ဒါကြောင့် ဆရာတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူစရာ ကောင်းတယ်ကွ။ ဒါကြောင့် ဂုဏ်ယူထိုက်တဲ့ ဆရာတစ်ယောက် ဖြစ်အောင် ကြိုးစားရမယ်။ ဒီမယ် မှတ်ထားကွ။ ဆရာတစ်ယောက်ရဲ့ အနစ်နာ ခံနိုင်စွမ်းဟာ တပည့်တွေ အတွက် လမ်းပြကြယ် ဖြစ်တယ်။ ဒီလိုပဲ ဆရာတစ်ယောက်ရဲ့ စိတ်ဓါတ်ဟာ တပည့်တွေအတွက် ကံကြမ္မာ ဖြစ်တယ်။”
ကျွန်တော့်ဆရာက အခုထိ ကျွန်တော့်ဘ၀ကို တည့်မတ်အောင် ပြုပြင်ပေးနေပါလားလို့ စိတ်ထဲမှာ ခံစား နေမိတော့တယ်။
“ဆရာတွေ စာဖတ်သင့်တယ်။ စာဖတ်ရမယ်။ ဆရာ တစ်ယောက်ရဲ့ စာဖတ် စွမ်းအားဟာ တပည့်တွေ အတွက် နှလုံးသားရဲ့ ခွန်အား ဖြစ်တယ် ။ ဆရာ တစ်ယောက်ရဲ့ အကျင့်စရိုက် ဟာလည်း တပည့်တွေ အတွက် အတုယူစရာ ဖြစ်တယ်။ ကုန်ကုန်ပြောမယ် ငါ့တပည့်ရာ။ ဆရာ တစ်ယောက်ရဲ့ မေတ္တာတရားဟာ လောကကြီးရဲ့ ငြိမ်းချမ်းခြင်းကို ဖန်တီးခြင်းကွ”
စိတ်ပါလက်ပါ ပြောနေတဲ့ ဆရာ့ကို ကြည့်ပြီး သဘောကျ နေမိတယ်။
“မင်းစဉ်းစားကြည့်စမ်း။ အဲဒီ ဆရာတွေအတွက် အဓိက ‘နာ’ (၁)နာ ရှိတယ်။ အဲဒါ ‘စံနမူနာ’ ပဲ။ မိဘဆိုတာ သားသမီးတွေ အတွက် ‘စံနမူနာ’ ဖြစ်ရမယ်။ မိဘက အရက်သောက်ရင် သားသမီးက အရက်သောက်မှာပဲ။ မိဘက လောင်းကစား လုပ်ရင် သားသမီးက လောင်းကစား လုပ်မှာပဲ။ မိဘက အိမ်ထောင်ရေးကို အလေးမထားရင် သားသမီးကလည်း သူ့ရဲ့ အိမ်ထောင်ရေးကို အလေးထားမှာ မဟုတ်ဘူး။ မိဘကိုက သရုပ်ပျက်နေရင် သားသမီးလည်း သရုပ်ပျက်မှာပဲ။ ဒါကြောင့် ‘စံနမူနာ’ ဆိုတာ အရေးအကြီးဆုံး ‘နာ’ တစ်ခုပဲ။”
ဆရာ့စကားက မှတ်သားစရာ ကောင်းလိုက်တာလို့ ကျွန်တော် တွေးနေမိတယ်။
“ဒီလိုပဲ ဆရာဆိုတာ လူငယ်တွေ အတွက် ‘စံနမူနာ’ ဖြစ်သင့်တယ်။ ဆရာတွေက စိတ်ကောင်း ရှိရင် တပည့်တွေလည်း စိတ်ကောင်း ရှိတယ်။ ဆရာတွေက အတ္တကြီးရင် တပည့်တွေလည်း အတ္တ ကြီးမယ်။ ဆရာ တစ်ယောက်ရဲ့ အသိဉာဏ်ဟာ လူငယ်တွေရဲ့ အနာဂတ် ဖြစ်သလို၊ တိုင်းပြည် တစ်ခုရဲ့ ကံကြမ္မာလည်း ဖြစ်တယ်။ ဆရာဆိုတာ မြေဖြူကိုင်တဲ့ လက်နဲ့ စိတ်ဓါတ်တွေကို ဖြူစင်အောင် လေ့ကျင့် ပေးနိုင်ရမယ်။ ဆရာဆိုတာ မင်နီကိုင်တဲ့ လက်နဲ့ ရဲရင့်ခြင်း စိတ်ဓါတ်တွေကို မြှင့်တင် ပေးနိုင်ရမယ်။ ဆရာဆိုတာ ကြိမ်မကိုင်ပဲ ဗဟုသုတတွေနဲ့ ပျော်ရွှင်ခြင်းတွေကို တည်ဆောက် ပေးနိုင်ရမယ်။”
ဆရာက ကျွန်တော့်ကို ထိထိမိမိ ဆုံးမ နေသလိုပါပဲ။
“ငါက ဆရာတစ်ယောက် ဖြစ်ခဲ့သူ ဆိုတော့ ဆရာရဲ့ အနက် အဓိပ္ပါယ်ကို အမြဲ စဉ်းစားခဲ့ဖူးတယ်။ အသက် (၇၀)ကျော်မှ ငါလည်း တွေးမိတာ။ ‘စံနမူနာ’ ဆိုတာ အဓိက အလေးအနက် ထားရမယ့် ‘နာ’ ပဲကွ။ စာသင်ခန်းကို ဒေါသတွေနဲ့ မတည်ဆောက်ပါနဲ့။ အတ္တတွေနဲ့ ဖွဲ့စည်း မထားပါနဲ့။ ကလေးတွေ၊ တပည့်တွေ ‘စံနမူနာ’ အယူ မှားသွားနိုင်တယ်။ လူငယ်တွေ ညံ့ရင် ငါတို့ရဲ့ အနာဂတ်လည်း ညံ့ပြီပေါ့ကွာ။ ဆရာဆိုတာ လိမ်မပြောရဘူး။ ညာမပြောရဘူး။ ရိုးသားရတယ်။ ရိုးစင်းရတယ်။ စံနမူနာပြ ဖြစ်ရတဲ့ ဆရာဆိုတာ ဂုဏ်ရှိတယ်။ အဲဒီ ဂုဏ်ဟာ ဘယ်လိုမှ တန်ဖိုးဖြတ်လို့ မရဘူး”
ဆရာက သူပြောလက်စ စကားကို ခဏလေး ရပ်လိုက်တယ်။ ကျွန်တော့်ကိုလည်း ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်တယ်။ ပြီးတော့ ဒီလို ဆက်ပြောတယ်။
“တပည့်တွေကို ရှုံးနိမ့်ချိန်မှာ မာန မကျိုးအောင် သင်ပေးစမ်းပါ။ လဲပြိုချိန်မှာလည်း ကိုယ့်အား ကိုယ်ကိုးပြီး ပြန်ထတတ်အောင် သင်ပေးစမ်းပါကွ။ ရယ်မောခြင်းဖြင့် ဘ၀ကို တည်ဆောက် တတ်အောင်၊ ငိုစရာ တွေ့တဲ့ အချိန်မှာလည်း ရယ်မောစရာတွေကို ရှာဖွေတတ်အောင် သင်ပေးစမ်းပါ။ စာတော်ပြီး အတ္တ မကြီးအောင်လည်း သင်ပေးပါကွာ။ စာမတော် ပေမယ့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့သူ ဖြစ်အောင် သင်ပေးစမ်းပါ။ ဒီလိုပဲ ရှုံးနိမ့်တဲ့ အခါမှာလည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်တဲ့ တပည့်ဖြစ်ဖို့၊ အောင်မြင်တဲ့ အခါမှာလည်း ဂရုဏာ ထားရဲတဲ့ သတ္တိရှိတဲ့ တပည့်မျိုးဖြစ်အောင် သင်ပေးစမ်းပါကွာ”
ကျွန်တော့်စိတ်ထဲမှာ ဆရာ့ကို ကြည်ညိုနေမိတယ်။
“ကဲ.. ငါ့တပည့်ရာ။ နောက်တကြိမ် ကြုံမှ ဆက်ပြောမယ်။ မင်း မှတ်ထားဦးနော်။ ဆရာဆိုတာ မိဘပဲ။
ဆရာဆိုတာ ခေါင်းဆောင်ပဲ။ ဒီတော့ မိဘတွေ၊ ဆရာတွေ၊ ခေါင်းဆောင်တွေ ဆိုတာ လူငယ်တွေရဲ့ အနာဂတ်ကို တည်ဆောက် ကြရတယ်။ မိဘ ကောင်းမှ၊ သားသမီး ကောင်းတာ။ ခေါင်းဆောင် ကောင်းမှ၊ နောက်လိုက် ကောင်းတာ။ ဆရာ ကောင်းမှ၊ တပည့်တွေ ကောင်းမှာ။ ခပ်ညံ့ညံ့ လူငယ်တွေကို မွေးထုတ် ပေးနေရင်တော့ ခပ်ညံ့ညံ့ အနာဂတ်ကိုပဲ ငါတို့ ပိုင်ဆိုင်ကြရမှာပေါ့။ ဒီတော့ မိဘ (ဒါမှမဟုတ်) ဆရာ (ဒါမှမဟုတ်) ခေါင်းဆောင် တစ်ယောက် လုပ်တဲ့အခါ စေတနာရှိရုံနဲ့ မပြည့်စုံဘူး။ ၀ါသနာ ရှိရုံနဲ့လည်း မဖြစ်ဘူး။ အနစ်နာ ခံနေပါတယ် ဆိုတဲ့ အတွေးတွေနဲ့လည်း ကျေနပ် မနေသင့်ဘူး။ ငါဟာ လူငယ်တွေ အတွက် စံနမူနာပြ ဖြစ်ရဲ့လား ဆိုတာ အမြဲ စဉ်းစား နေသင့်တယ်။ ဒါ အရေးကြီးဆုံးပဲ ကွ။ မင်း မမေ့နဲ့။ လူငယ်တွေဟာ အနာဂတ်ရဲ့ အင်အားဆိုရင် ဆရာဆိုတာ ပစ္စုပ္ပန်ရဲ့ ခွန်အားပဲကွ”
အရှေ့ဘက်မှာ နေလုံးနီနီကြီး ထွက်လာပါပြီ။
ရောင်နီတွေ သမ်းလာပါပြီ။
လောကကြီး နိုးထလာပြီ။
ကျွန်တော့် ရင်ထဲမှာလည်း အရုဏ်ဦး အသစ်တွေနဲ့…
အတွေးသစ်တွေ နိုးထခဲ့ရပါပြီ။
ဦးဘုန်း(ဓါတု၊မန္တလေး)ရွှေမန္တလေးဂျာနယ် ၂၀၀၉၊ အောက်တိုဘာ...
ဘ၀မီးအိ