3/08/2012

ကျန်းမာချင်ရင် လမ်းလျှောက်ပါ

ကျန်းမာချင်ရင် ပန်းခြံထဲမှာ လမ်းလျှောက်ပါ တောင်တက်ပါ
ပန်းခြံထဲမှာ လမ်းလျှောက် လိုက်ပါ။ လွန်ခဲ့တဲ့ လေးနှစ်တာ ကာလက ပြုလုပ်ခဲ့တဲ့ လေ့လာမှု ၄ဝအရ တစ်နေ့မိနစ် ၃ဝလောက် လမ်းလျှောက် ပေးတာက ရောဂါပေါင်း ၂၅ခုရဲ့ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင် တယ်လို့ သိရပါတယ်။

လမ်းလျှောက်တာ များလေလေ၊ အကျိုးကျေးဇူး ပိုရလေလေ ပါပဲ။ လမ်းလျှောက် တာကြောင့် သင်ရနိုင်တဲ့ အကျိုး ကျေးဇူးတွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁.ကိုယ်အလေးချိန် လျော့ကျခြင်း

ကိုယ်အလေးချိန် ၆ဝ ကီလိုဂရမ် ရှိတဲ့ လူတစ်ယောက်ဟာ လမ်းခပ်သွက်သွက် လျှောက်တာ နာရီဝက်ကြာတိုင်း ကယ်လိုရီ ၁၅ဝ လောင်ကျွမ်းပါတယ်။

၂.အူမကြီးကင်ဆာ အန္တရာယ်ကို ထက်ဝက်ခန့် လျှော့ချနိုင်ခြင်း

ကင်ဆာအကြောင်း ဗြိတိန် လေ့လာမှု အသစ် တစ်ရပ် အရ ပုံမှန် လေ့ကျင့်ခန်း လုပ်တဲ့သူ တွေက အူမကြီး အသားသီး (Polyps) ဖြစ်နိုင်ခြေ သုံးပုံတစ်ပုံခန့် လျော့ကျမှု ရှိတယ်လို့ သိရပါတယ်။ အူမကြီး အသားသီး (Polyps) ဟာ ကင်ဆာ ဖြစ်လာနိုင်ခြေ ရှိပါတယ်။

၃.နှလုံးရောဂါ အန္တရာယ်ကို လျှော့ချနိုင်ခြင်း

နှလုံးရောဂါကြောင့် သေဆုံးသူတွေရဲ့ ၃၇ ရာခိုင်နှုန်းဟာ လှုပ်ရှားမှု နည်းတာကြောင့် ဖြစ်ရတာပါ။ လမ်းလျှောက် တာကြောင့် နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေ ပါတယ်။

၎.အိမ်ထောင်မှု သုခကို ပိုမို ရရှိစေခြင်း

အမျိုးသားတွေ အသက်ကြီးလာတဲ့ အခါ ပန်းသေပန်းညှိုး ရောဂါ ဖြစ်နိုင်ခြေက မြင့်တက် လာပါတယ်။ အမျိုးသားတွေ အနေနဲ့ ကိုယ်လက်လှုပ်ရှားမှု များပြီး သန်စွမ်း ကျန်းမာတာက ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျော့ကျစေ ပါတယ်။

၅.အရိုးများကို သန်မာစေခြင်း

လမ်းလျှောက်တာက အရိုးပွရောဂါ မရအောင် ကာကွယ်ပေးနိုင် ပါတယ်။ တစ်ပတ်မှာ မိနစ် ၁၈ဝ လောက် လေ့ကျင့်ခန်း လုပ်ပေးရင် အရိုး သိပ်သည်းဆကို အားကောင်း စေပါတယ် ။

၆.ဦးနှောက်စွမ်းအား ကောင်းစေခြင်း

တစ်နေ့မှာ ၁ ဒသမ ၆ ကီလိုမီတာလောက် လမ်းလျှောက်တာက သတိမေ့တာ (Dementia) ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ အမေရိကန် လေ့လာမှု တစ်ရပ် အရ လမ်းလျှောက်တာက အသက်ကြီးသူ တွေမှာ ဦးနှောက်ထဲက Grey Matter ကို တိုးစေကြောင်း သိရပါတယ်။

ရ.အအေးမိ ဝေဒနာ မရအောင် ကာကွယ်နိုင်ခြင်း

ပုံမှန် လမ်းလျှောက်ပေးမယ် ဆိုရင် ချောင်းဆိုးတာ၊ နှာချေတာတွေလို အအေးမိ ဝေဒနာတွေ သက်သာနိုင်စွမ်း ရှိပါတယ်။ အကြောင်း ကတော့ လေ့ကျင့်ခန်း လုပ်တာက ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်း စေတာ ကြောင့်ပါ။


Health Digest