2/26/2012

အချိန်မလောက်တဲ့သူတွေ အတွက်



သင်လုပ်ချင်တဲ့အရာတွေအားလုံးကို လုပ်ဖို့အတွက် အချိန်မလောက်တာမျိုး ကြုံဖူးပါသလား။ တစ်နေ့မှာ ၄၈ နာရီ ရှိရမယ့်အစား ဘာ့ကြောင့် ၂၄ နာရီပဲ ရှိရပါလိမ့်လို့များရော ညည်းတွားဘူးပါသလား။ အဲလိုဆိုရင်တော့၊ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အချိန်မလောက်ငှခြင်းဟာ လူအများစု ကြုံတွေ့နေကြရတဲ့ ပြဿနာပဲဖြစ်ပါတယ်။

လူတွေဟာ သူတို့ လုပ်ရမယ့်အလုပ်တွေကို လုပ်ဖို့အတွက် အချိန်မလုံလောက်ဘူးလို့ ခံစားနေကြရပါတယ်။ ဒါပေမဲ့ သူတို့မှာရှိတဲ့ ၂၄ နာရီနဲ့ပဲ ပိုပြီးအောင်မြင်နေကြတဲ့လူတွေလည်း ရှိပါတယ်။ ဒါဆိုရင် အချိန်မလောက်ဘူးလို့ ညည်းတွားနေတဲ့လူတွေနဲ့ တူညီတဲ့ အချိန်ပမာဏ ၂၄ နာရီအတွင်းမှာ အောင်မြင်နေကြတဲ့လူတွေရဲ့ကြားမှာ ဘာတွေ မတူညီကြတာလဲ။ တခြားလူတွေမသိတဲ့အရာတွေကို သူတို့ သိနေသလား။

အချိန်မလောက်ဘူးဆိုတာ စိတ်ကူးမျှသာ

တကယ်အရေးကြီးတဲ့အပိုင်းက အခုလာပါပြီ။ ဒီအပိုင်းကို မိအောင် ဖမ်းဆုပ်ပါ။ အချိန်မလောက်ဘူးဆိုတာဟာ လုံးဝမရှိပါဘူး၊ ဦးစားပေး သတ်မှတ်ချက် ကင်းမဲ့ခြင်း ( lack of priorities) ဆိုတာပဲ ရှိပါတယ်။

လူတွေဟာ အရာရာတိုင်းကို ပြီးအောင်လုပ်ဖို့ သူတို့မှာ အချိန်မရှိဘူးလို့ ထင်နေကြပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ အရာတိုင်းဟာ သူတို့အတွက် အရေးကြီးတယ်လို့ ထင်နေကြလို့ပါပဲ။ အရာရာတိုင်းဟာ အရေးကြီးနေတယ်ဆိုရင် သင့်အတွက် အချိန် လုံးဝ လောက်မှာ မဟုတ်ပါဘူး။

အချိန်မလောက်ငှခြင်း ရောဂါလက္ခဏာ (lack-of-time-syndrome)ကို ကုသဖို့အတွက် သင့်ဘ၀မှာ တကယ်အရေးကြီးတဲ့အရာတွေက ဘာတွေလဲဆိုတာ သိရပါလိမ့်မယ်။ ပြီးတော့ အရေးကြီးတဲ့ အဆင့်အလိုက် သင့်ရဲ့အချိန်တွေကို အသုံးချရပါမယ်။

အရာရာတိုင်းကို လုပ်ချင်နေတဲ့စိတ်ကို ကျနော် နားလည်နိုင်ပါတယ်။ ကျနော်ဟာ ဂီတာကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ချင်တယ်၊ တင်းနစ်လည်း ကစားချင်တယ်၊ စာအုပ်တွေလည်း ဖတ်ချင်တယ်၊ Blog စာရင်းတစ်ခုကိုလည်း ရေးချင်တယ်၊ အနောက်တိုင်းအကကိုလည်း သင်ယူချင်တယ်၊ အင်တာနက်မှာ ရည်ရွယ်ချက်မရှိဘဲ လျှောက်ကြည့်ချင်တယ်၊ တစ်နေ့လုံး Facebook တက်မယ်၊ Twitter မှာ စကားတွေပြောမယ်၊ သီချင်းလည်း ဆိုချင်တယ်၊ ဒီစာရင်းဟာ မဆုံးတော့ပါဘူး။ ကျနော်လုပ်ချင်တဲ့အရာတွေက အများကြီးရှိနေပါတယ်။ ဒီအရာတွေအားလုံးကို ကျနော့်ရဲ့အချိန်စာရင်းထဲမှာ ဖျစ်ညှစ်ပြီး ထည့်မယ်ဆိုရင်တော့ ဘယ်အရာကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်လိုက်နိုင်မှာမဟုတ်ပါဘူး။

အရေးကြီးတဲ့ကိစ္စတွေဟာ အချိန်ကို လုံလုံလောက်လောက်ရအောင် ဘ၀ကို ဟန်ချက်ညီညီ ရှိချင်တယ်ဆိုရင်တော့ သင်ဟာ ဦးစားပေးသတ်မှတ်ချက်တွေကို ပြုလုပ်ရပါလိမ့်မယ်။ သင်ဘာကိုလိုချင်သလဲ (ရည်မှန်းချက်) ကို သိပါ။ သင့် ရည်မှန်းချက်ကို သွားဖို့ လုပ်ရမယ့် အလုပ်တွေအတွက် အချိန်ကို အဓိက ဦးစားပေး သတ်မှတ်ထားပါ။ တချို့အရာတွေဟာ လုပ်မယ်ဆိုရင် ကောင်းတော့ကောင်းတယ်၊ ဒါပေမဲ့ သင့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရေးမှာတော့ အရေးမပါလှဘူး (ဥပမာ- သူငယ်ချင်းတွေနဲ့ Chatting ပြောတာ၊ TV ကြည့်တာ၊ အင်တာနက် လျှောက်ကြည့်တာ၊ Facebook .. စတာတွေဖြစ်ပါတယ်) အဲဒီလိုအရာတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ဖို့လည်း လိုမှာပါပဲ။ သင့်မှာရှိတဲ့ ၂၄ နာရီနဲ့တင် ပိုပြီး စွမ်းအောင်နိုင်အောင် လုပ်ပါ။

ဒီတော့ သင့်ရဲ့ လုပ်စရာတွေကို ဘယ်လို ဦးစားပေးသတ်မှတ်မလဲ၊ ပြီးတော့ တခြား အောင်မြင်တဲ့သူတွေမှာ ရှိနေတဲ့ ၂၄ နာရီ အတူတူမှာ ပိုပြီး စွမ်းဆောင်နိုင်အောင် ဘယ်လိုလုပ်မလဲ။ ဟောဒီမှာ နည်းလမ်းတချို့ ရှိပါတယ်။

၁။ သင် ဘာကိုလိုချင်သလဲ။ စာရွက်ပေါ်မှာ စဉ်းစားပါ။

ပထမဆုံးအနေနဲ့ သင် ဘာကို ဆောင်ရွက်ချင်သလဲဆိုတာ သိရပါလိမ့်မယ်။ ကျောင်းမှာ အဆင့်တွေ ပိုပြီး ကောင်းချင်တာလား၊ ကုမ္ပဏီမှာ အလုပ်တွေ ပိုလုပ်ချင်သလား၊ ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စ လုပ်ချင်တာလား။

သင်လုပ်ချင်တဲ့အရာကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ ချမရေးထားတဲ့ ရည်မှန်းချက်တွေဟာ အမြဲတမ်း မေ့သွားတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ရည်မှန်းချက်တွေကို ချရေးဖို့ အမြဲသတိရပါ။

၂။ လုပ်စရာတွေ စာရင်းပြုပါ

ဦးနှောက်မုန်တိုင်းဆင်ပါ။ သင့်ရည်မှန်းချက်ကို အောင်မြင်နိုင်မယ်လို့ သင်ယုံကြည်တဲ့ လုပ်စရာမှန်သမျှကို ချရေးပါ။ ဘာတွေလုပ်ရမယ်ဆိုတာ စဉ်းစားလို့မရရင်တော့ သင်လိုချင်တဲ့ ရည်မှန်းချက်ကို အောင်မြင်ပြီးသွားတဲ့သူတွေကို မေးမြန်းပါ။

၃။ ဦးစားပေး သတ်မှတ်

သင့်ရဲ့ စာရင်းမှာရှိတဲ့ လုပ်စရာတွေကို ဦးစားပေးအဆင့်တွေ သတ်မှတ်ပါ။ အဲဒီလို ဦးစားပေးသတ်မှတ်နိုင်ဖို့ Brian Tracy ရဲ့ ABCDE နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ဥပမာ-

အောင်မြင်တဲ့ Blogger တစ်ယောက် ဖြစ်လာဖို့ –

ဦးစားပေး A မှာ အရေးကြီးတဲ့၊ လုပ်ရမယ့် အလုပ်တွေ ပါဝင်ပါတယ်။ ဥပမာ- Post တွေရေးတာ၊ marketing လုပ်တာ
ဦးစားပေး B မှာ A လောက် အရေးမကြီးတဲ့၊ ဒါပေမဲ့ လုပ်ဖြစ်အောင်လုပ်ရမယ့် အလုပ်တွေ ပါဝင်ပါတယ်၊ ဥပမာ- စာဖတ်သူတွေက ပေးပို့တဲ့ emails တွေ ဖတ်ရှုတာ။
ဦးစားပေး C မှာ- လုပ်မယ်ဆိုရင် ပျော်စရာကောင်းမယ့်၊ ဒါပေမဲ့ အမှန်တကယ် အရေးမကြီးတဲ့ အလုပ်တွေ ပါဝင်ပါတယ်၊ ဥပမာ- Gtalk ၊ Skype ၊ MSN တွေမှာ Chatting ပြောတာ
ဦးစားပေး D မှာ တခြားလူတွကို လုပ်ခိုင်းရမယ့် အလုပ်တွေ ပါဝင်ပါတယ်။
ဦးစားပေး E မှာတော့ လုံးဝ ဖယ်ထုတ်သင့်တဲ့အလုပ်တွေ ပါဝင်ပါတယ်၊ ဥမာ- TV ရှိုးတွေ ကြည့်တာ၊ အစရှိသဖြင့် ။

၎။ အရေးကြီးတာ အရင်လုပ် (First thing first)

ဦးစားပေး A မှာပါဝင်တဲ့ အလုပ်တွေကို သတ်မှတ်ပြီးပြီဆိုရင်တော့၊ တခြား ဦးစားပေးအဆင့်တွေထဲက အလုပ်တွေကို မလုပ်ခင် ဦးစားပေး A မှာရှိတဲ့ အလုပ်တွေကို အရင်ပြီးအောင် လုပ်ပါ။ အကယ်၍ ဦးစားပေး A မှာ ရှိတဲ့ အလုပ်တွေကို အရင်မလုပ်ဘဲ တခြား ဦးစားပေးအဆင့်တွေထဲက အလုပ်တွေကို လုပ်မယ်ဆိုရင်တော့ အရေးအကြီးဆုံးဆိုတဲ့ အလုပ်တွေဟာ မပြီးဘဲရှိနေပါလိမ့်မယ်။

၅။ ပြန်လည် သုံးသပ်ပါ

သင့်ရဲ့ အလုပ်တွေကို အမြဲတမ်း ပြန်သုံးသပ်ပါ။ တစ်ခါတလေမှာ သင်က အရေးကြီးတယ်ထင်ပြီး လုပ်လိုက်ပေမဲ့ အမှန်တကယ်အရေးမကြီးတာမျိုးတွေ ရှိတတ်ပါတယ်။ သင်ဘာတွေလုပ်ပြီးပြီလဲဆိုတာ အမြဲ ဆန်းစစ်နေပါ။ အရေးကြီးတဲ့ အလုပ်တွေ ပြီးအောင်လုပ်ပြီးပြီလားဆိုတာ သင့်ရဲ့ ရလာဒ်တွေကို စစ်ဆေးကြည့်ပါ။ ရလာဒ်ကို စိတ်ကျေနပ်မှုမရှိဘူးဆိုရင်တော့ သင့်ရဲ့ ဦးစားပေး A ထဲမှာရှိတဲ့ အလုပ်တွေကို ပြန်ကြည့်ပါ။ သူတို့ဟာ တကယ်အရေးကြီးတာ သေချာသလား။

ဒီနည်းလမ်းတွေက အချိန်အနည်းငယ်အတွင်းမှာ သင်လိုချင်တဲ့ ရလာဒ်တွေကို ရရှိနိုင်ဖို့ သင့်ကို ကူညီပါလိမ့်မယ်။


Ref: Why You Should Stop Complaining About The Lack Of Time by Vincent Tan