ဘုရားသခင်၏ တည်ရှိမှုကို သက်သေပြ ဆွေးနွေးချက်များ
ယနေ့ လောကတွင် ဘုရားသခင် ရှိခြင်း မရှိခြင်းကို ယုံကြည်သူများ အပါအဝင် မယုံကြည်သူ များက ဆွေးနွေး ပြောဆို ချက်ပေါင်း မြောက်များစွာကို ကြားသိနေ ရပါသည်။ ထိုအကြောင်းကို ဆောင်းပါးတို တစ်ပုဒ်အဖြစ် ဤဆိုက် (Global Myanmar Christian Fellowship) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ (ဤနေရာတွင် ပြန်ဖတ်ပါ)။
မြန်မာ နိုင်ငံတွင် ကျမ်းစာကျောင်း မြောက်များစွာ ရှိရာ ထိုကျမ်းစာ ကျောင်းများတွင် သီအော်လော်ဂျီ (Theology) သင်ခန်းစာ များမှာ မဖြစ်မနေ သင်ကြား ကြရပါသည်။ ထိုသို့ သင်ကြားရာတွင် အင်္ဂလိပ် ဘာသာဖြင့် သင်ကြားသော B.Th ကျောင်းများဖြစ်စေ၊ Diploma, Certificate များ ပေးသော မြန်မာဘာသာဖြင့် သင်ကြားသော ကျောင်းများဖြစ်စေ၊ အခြေခံ အသုံးပြုသော စာအုပ်မှာ The Moody Handbook of Theology ဖြစ်ပါသည်။ ယခု ဤဆောင်းပါးမှာ ထိုစာအုပ်တွင် ပါရှိသော ဘုရားသခင်နှင့် ဆိုင်သော သြ၀ါဒ (Doctrine of God) ဟုခေါ်ခေါ် Theology Proper ဟုခေါ်ခေါ် ထိုစာအုပ်ကို အခြေခံ ဖော်ပြခြင်း ဖြစ်ပါသည်။ ယခုဖော်ပြပါ အကြောင်းအရာတို့သည် ထိုစာအုပ်မှ ကောက်နှုတ် ဖော်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။ (ထိုစာအုပ်ကို ရန်ကုန်မြို့ (၃၉) လမ်းရှိ Christian Letracture Center (CLC) မှ ဘာသာပြန်၊ ထုပ်ဝေထားခြင်း ဖြစ်ပါသည်။
ဘုရားသခင် တည်ရှိခြင်း (Existence of God)
က။ ကမ္ဘာလောကကြီးကို ကျိုးကြောင်းပြ ဆွေးနွေးခြင်း (Cosmological Argument)
ဘုရားသခင် တည်ရှိကြောင်းကို ကမ္ဘာလောကကြီးအား အခြေခံ၍ တင်ပြ ဆွေးနွေးခြင်းသည် အလွန်သင့်တော် ယုတ္တိကျ ကောင်းမွန်သော အရာဖြစ်သည်။ သဘာဝလည်း ကျပါသည်။ ကျွန်တော်တို့ တွေ့မြင်နေရသော အထောက်အထားများကို အခြေခံ၍ ဆွေးနွေးခြင်းသာ ဖြစ်သည်။ Cosmological ဟူသော ဝေါဟာရသည် ဂရိဘာသာ စကား Cosmosမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုကြောင့် ဤချေပ ပြောဆိုချက်သည် ကမ္ဘာလောက တစ်ခု တည်ရှိနေခြင်းကို အခြေ ခံကာ တင်ပြ ဆွေးနွေးထားခြင်း ဖြစ်သည်။ အနတ္တ (ဘာမျှ မရှိ/မဟုတ်) သောအရာမှ မည်သည့်အရာမျှ ထပ်ဆင့် ဖြစ်ပွားနိုင်ခြင်းမရှိ။ ဤကမ္ဘာလောကသည် အဘယ် ကြောင့် ဖြစ်တည်လာ သနည်း။ ထိုသို့ ဖြစ်လာရန် အကြောင်းရင်း တစ်ရပ် ရှိရမည်။
လူတစ်ဦးသည် လက်ပတ်နာရီ ပတ်ထားသည် ဆိုပါစို့။ ထိုသူသည် ထိုနာရီ ပြုလုပ်သူကို တွေ့မြင်ဘူးခြင်း မရှိ၊ မသိ သော်ငြားလည်း ထိုနာရီကို ပြုလုပ်သူ တစ်စုံ တစ်ယောက်တော့ ရှိရမည်။ မလွဲမသွေ ရှိရမည် မဟုတ်ပါလော။ အကျိုးတရား တိုင်းတွင် အကြောင်း တရားရှိသည် ဟူသော အချက်ကို ကျိုးကြောင်းပြ ဆွေးနွေးခြင်းကို အခြေခံ ထားသည်။
ခ။ စနစ်ကျမှုကို ကျိုးကြောင်းပြ ဆွေးနွေးခြင်း (Teleological Argument)
အထက်ပါ အကြောင်းအရာ ကဲ့သို့ပင် ဤစနစ်ကျမှုကို ကျိုးကြောင်းပြ ဆွေးနွေးခြင်း သည်လည်း အလွန် သဘာဝ ကျသော ဆွေးနွေးချက် တစ်ချက်ပင် ဖြစ်ပါသည်။ Teleological သည် "အဆုံးသတ် "နိဂုံး" ဟူသော ဂရိ ဘာသာ စကား telos မှ ဆင်းသက်လာသည်။ ထို့ကြောင့် စနစ်ကျမှုကို ကျိုးကြောင်းပြ ဆွေးနွေးခြင်း ဆိုသည်မှာ စနစ်တကျ ဖွဲ့စည်းထားသည့် အရာများကို စီစဉ်သည့် ညဏ်နှင့် ရည်ရွယ်ချက် များအပေါ်တွင် အခြေခံ ဆွေးနွေးထားခြင်းကို ဆိုလိုပါသည်။ ဆိုလိုသည်မှာ လောကကြီးသည် အလွန် စနစ်ကျ၍ အကြောင်းတရားများမှာ ညီညွတ်လှပေသည်။ ထိုအရာများကို ဖြစ်တည်စေသော အရှင်သခင် တစ်ဦး အသေအချာ ရှိရမည်။
ဆာလံဆရာသည် စင်္ကြာဝဠာ၏ အံ့ဘွယ်တနန်း ဖြစ်မှုကို ကောင်းစွာ သိမှတ် ခံစားထားသောကြောင့် ဖန်ဆင်းရှင် ဘုရားသခင် တည်ရှိကြောင်း စင်္ကြာဝဠာက သက်သေ ပြသည်ဟု ရေးစပ် သီကုန်းခဲ့လေသည် (ဆာလံ ၈း၃-၄၊ ၁၉း၁-၄)။ စင်္ကြာဝဠာကြီးနှင့် ဤလောကကြီ၏ အကျိုး နှင့် အကြောင်း ဖြစ်တည်မှု တရားများမှာ မြင်တွေ့နေရသည့်အတိုင်း သေသပ် လှပပါသည်။ သူရိယနေသည် ကမ္ဘာမှ မိုင်ပေါင်း (၉၃)သန်း ကွာဝေးသောကြောင့် မြေပြင်ပေါ်တွင် သင့်လျှော်သော ရာသီဥတု ရှိလာနိုင်သည်။ လစန္ဒာသည်လည်း ကမ္ဘာမြေကြီးမှ မိုင်ပေါင်း နှစ်သိန်း လေးသောင်း အကွာ အဝေးတွင် တည်ရှိသောကြောင့် ဒီရေတို့သည် အလွန် စနစ်တကျ ဖြစ်လာရသည်။ ဤမျှအထိ စနစ်ကျလျှက်ရှိသော ကျိုးကြောင်းတရားတို့၏ ဖြစ်တည်မှု အဖြေမှာ တစ်ခုတည်းသာ ရှိသည်။ မဟာ ဒီဇိုင်း ပညာရှင် ဖြစ်သော ဘုရားရှင်က ဖန်ဆင်းတော် မူသောကြောင့်သာ ဖြစ်ရမည်။
သို့သော် တစ်ချို့က ဤလောကသည် "ကံတရား" ကြောင့် ဖြစ်လာသည်ဟု ဆိုကြသည်။ ဤသို့ စနစ်ကျသည့် အရာကို ကံတရား ဟု ခေါ်ဆိုခြင်းသည် မျောက်တစ်ကောင်အား လက်နှိပ်စက် တစ်လုံးဖြင့် ပစ်ထားလျှင် ထိုမျေက်သည် ရှိတ်စပီးယား၏ ဂန္ဓဝင် စာပေများကို လက်နှိပ်စက်ဖြင့် ရိုက်ပေးကောင်း ရိုက်ပေးနိုင်သည် ဟု တွေးထင်ပြောဆိုမှုမှာ ပို၍ပင် ဖြစ်နိုင်သည် မဟုတ်ပါလော။
ဂ။ မနုဿဗေဒ အခြေပြု ကျိုးကြောင်းပြ ဆွေးနွေးခြင်း (Anthropological Argument)
ဤကဲ့သို့ မနုဿ လူသားကို အခြေပြု ဆွေးနွေးခြင်း သည်လည်း အလွန် သဘာဝကျပြီး အခြေခံကျသော အကြောင်းရင်းများ ဖြစ်ကြပါသည်။ "မနုဿ လူသား" ဟူသော ဂရိဘာသာ စကားလုံးမှာ Anthropos မှ ဆင်းသက်လာသော ဝေါဟာရကို အခြေခံသည်။ မနုဿသည် လူသား ဆိုသည်မှာ အသက်ရှင်လျှက်ရှိသည့် သတ္တ၀ါ တစ်ကောင်မျှသာ ဖြစ်သည် ဟူသော လူသာ ပဓာန ဝါဒ (Humanist)ကဲ့သို့ မဟုတ်ပါ။
လူဆိုသည်မှာ ဘုရားသခင်က သူ၏ သဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားသည် ဟူ၍ ကျမ်းစာ သမားက မြင်သည် (က ၁း၂၆-၂၈)။ ဘုရားသခင်၏ သဏ္ဍာန်တော် ဆိုသည်မှာ ၀ိညာဉ်ရေးပိုင်းဖြစ်၍ ရူပခန္ဓာ အရာ မဟုတ်ပေ။ (ဧ ၄း၂၄၊ ကော ၃း၁၀)။ မနုဿ လူသားသည် မြင်တွေ့ခံစား နိုင်သော သတ္တဝါ တစ်ပါးမကဘဲ သြတ္တပစိတ်၊ ဆင်ခြင် တတ်သောစိတ်၊ ခံစားတတ်သောစိတ်နှင့် အလိုဆန္ဒရှိသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ချီဖာ ဆိုသော သီအော်လော်ဂျီ ဆရာကြီး တစ်ပါးက ပြောခဲ့သည်မှာ "လူသားဆိုသည်မှာ အတွေးအခေါ်ပိုင်းတွင်သာမက အကျင့်စာရိတ္တပိုင်း ဆိုင်ရာ အသွင်အပြင်များ ရှိနေရကား ထိုအရာတို့ကို သူ၏ မူလအစ ဖြစ်သော ဘုရားရှင်ထံမှ ရခဲ့ခြင်းသာ ဖြစ်ရပေမည်။ မျက်စိကန်းသော အားအင်၊ သို့မဟုတ် ကံတရားသည် တွေးခေါ်မှု အာရုံ၊ စိတ်ဆန္ဒ၊ သြတ္တပစိတ်၊ ဖန်ဆင်းရှင်ကို ယုံတတ်သော စိတ်တို့ဖြင့် ပြည့်စုံသော လူသားကို မည်သို့မျှ အလိုလို ဖြစ်စေနိုင်မည် မဟုတ်ချေ။"
ဃ။ စာရိတ္တအခြေပြု ကျိုးကြောင်းပြ ဆွေးနွေးခြင်း (Moral Argument)
ဤခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းသည် မနုဿ ဗေဒဆိုင်ရာ ဆွေးနွေးခြင်းနှင့် ဆက်နွယ်နေပါသည်။ (အချို့က ဤအချက် နှစ်ချက်ကို ပူပေါင်း ဖော်ပြကြသည်။) ဆိုလိုသည်မှာ လူသားဟူသမျှသည် အကောင်းအဆိုဟူသော စာရိတ္တဆိုင်ရာ ကိစ္စကို သတိပြု ဆက်နွှယ် ပြောဆိုကြစမြဲ ဖြစ်သည်။ ထိုဆက်နွှယ်မှုသည် မည်သည့် နေရာမှ လာသနည်း။ အကယ်၍ လူသားသည် ရုပ်ဝတ္တု သက်သက်မျှသာ ဖြစ်ပါလျှင် စာရိတ္တပိုင်း ဆိုင်ရာများကို အလေးထား ပြောဆိုနေစရာ မလိုအပ်ပေ။ လူသည် ဆင့်ကဲ ဖြစ်စဉ်အားဖြင့် ဖြစ်တည်လာခဲ့သည် ဆိုပါက အကျင့်စာရိတ္တပိုင်းဆိုင်ရာများကို ကြည့်စရာ မလိုအပ်ပေ။ တိရစ္ဆာန် ဘ၀က လာသည် မဟုတ်ပါလား။
ကျမ်းစာကို သက်ဝင် ယုံကြည်သူ များသည် ဘုရားသခင်က အခြား ဖန်ဆင်းထားသော အရာများနှင့် မတူဘဲ အကျင့် စာရိတ္တ ဆိုင်ရာ အပိုင်းများကို အလေးထားကာ လူသားအား ပေးထားကြောင်း သိထားကြသည်။ ရော ၂း၁၄-၁၅ တွင် ပညတ်တရားကို လုံးဝ မသိကြသော တစ်ပါး အမျိုးသား များကိုပင်လျှင် သူတို့၏ အတွင်း၌ စာရိတ္တများနှင့် ပတ်သတ်၍ သိရှိနိုင်အောင် ဖော်ပြခြင်းကို ဘုရားရှင်က ပေးထားခဲ့သည်။
င။ တည်ရှိမှု သဘောအရ ကျိုးကြောင်းပြ ဆွေးနွေးခြင်း (Ontological Argument)
ဤဆွေးနွေးချက်သည် အထက် ဖော်ပြပါ ကျိုးကြောင်းပြု ဆွေးနွေးခြင်းများနှင့် မတူဘဲ ရရှိသော အဖြေမှ အဖြေကို ပြန်လည် တွက်ဆရသော ပုစ္ဆာမျိုြးုဖစ်သည်။ ဤဆွေးနွေးခြင်းသည် ယူဆချက် တစ်ခုကို အခြေခံကာ ထိုယူဆချက်ကို သက်သေပြရန် ကြိုးပန်းသော သဘောတရား တစ်ခု ဖြစ်သည်။ အထက်ပါ ဆွေးနွေးခြင်း များလောက် ဤ ဆွေးနွေး ခြင်းသည် အရေး မပါချေ။ တနည်းအားဖြင့် ဤဆွေးနွေး ချက်သည် အရေး မပါလှချေ။
Ontological သည် ပစ္စုပ္ပန် ကာလကို ပြသော ဂရိဘာသာ ကြိယာ တစ်ခုဖြစ်သော Ontos မှ ဆင်းသက် လာခြင်း ဖြစ်သည်။ "ရှိခြင်း" သို့ "တည်ရှိခြင်း" ဟု အဓိပ္ပါယ် ရှိပါသည်။ ဤကဲ့သို့ ကြိုးကြောင်းပြ ဆွေးနွေးခြင်းသည် အတွေးအခေါ် ဆန်ပါသည်။ ဆိုလိုသည်မှာ "အကယ်၍ လူသားက မတည်ရှိသည့် ပြည့်စုံသော ဘုရားတစ်ဆူ အကြောင်းကို စဉ်းစားခဲ့လျှင် ထိုဘုရားထက် ကြီးမားသော မဖြစ်နိုင်သည့် အရာ ရှိသည်ဟူ၍ တွေးခေါ်တတ်သည်။ (ဆိုလိုသည်မှာ လူတို့သည် ပိုမို ထူးခြား ဆန်းပြားသော အရာများကို တွေးခေါ်တတ်သည်)
လူ့အတွေး အခေါ်တွင် အကြီးဆုံးသောအရာမှာ အမြဲတစ်စေ ဘုရားဖြစ်လေ့ရှိသည်။ ထို့ကြောင့် ဘုရားရှင် တည်ရှိရမည်"။ တစ်နည်း အားဖြင့် ဆိုသော် လူသားတိုင်းက ဘုရားဟူသော အသိတရား စင်္ကြာဝဠာတွင် ဘုရားရှင် တကယ် တည်ရှိသောကြောင့်သာ လူသားက "ဘုရားရှိသည်" ဟူ၍ သုံးသပ်နိုင်ခြင်း ဖြစ်တန်ရာ၏။ Anselm အင်ဆင်မ် (၁၀၃၃ - ၁၁၀၉)သည် ဤ ဖော်ပြခြင်း များသည် တန်ဘိုးမရှိ။ လူ အနည်းအကျဉ်း သာလျှင် ရှိမှု သဘော တရားကို အခြေခံကာ ဆွေးနွေး ကြမည်ဟု ယူဆကြသည်။




