မြေကြီးပေါ်မှာ သေးနုပ်သော်လည်း အထူးသဖြင့်ပညာရှိသောအရာလေးပါးဟူမူကား
၁။ ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း နွေကာလ၌ မိမိစားစရာကိုပြင်ဆင်တတ်သောပုရွက်ဆိတ်တစ်ပါး၊
၂။ မသန်စွမ်းသောအမျိုးဖြစ်သော်လည်း ကျောက်တွင်း၌ နေရာချတတ်သောရှာဖန်ယုန်တစ်ပါး၊
၃။ မင်းမရှိသော်လည်း တပ်ဖွဲ့၍ အစဉ်အတိုင်းသွားတတ်သော ကျိုင်းတစ်ပါး၊
၎။ လက်ဖြင့်ကိုင်စွဲ၍ နန်းတော်၌ပင်နေတတ်သော အိမ်မြှောင်တစ်ပါးတည်း။ (သုတ္တံကျမ်း ၃၀း၂၄-၂၈)
နှုတ်ကပတ်တော်ထဲမှာ ပညာရှိသောအရာလေးပါးဆိုပြီး ဖော်ပြခြင်းခံရတဲ့အရာတွေဟာ လူတွေမဟုတ်ဘဲ တိရစ္ဆာန်တွေ ဖြစ်နေပါတယ်။ ဘာ့ကြောင့် သုတ္တံဆရာက ဒီအရာတွေကို ပညာရှိတယ်လို့ပြောထားတာလဲ.၊ ကျွန်တော်တို့အနေနဲ့လည်း ဒီအကောင်လေးတွေဆီက ဘယ်လိုသင်ခန်းစာယူနိုင်မလဲ၊ ဘုရားသခင်က ကျွန်တော်တို့ကို ဘာပြောချင်သလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်..
(က) ပုရွက်ဆိတ် (နှုတ်ကပတ်တော်အားဖြင့် ပြင်ဆင်ခြင်း)
လူ့သမိုင်းတစ်လျှောက်မှာ ပုရွက်ဆိတ်တွေဟာ လူတွေအတုယူစရာသတ္တဝါတစ်ကောင်အဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာမှတောင် ပုရွက်ဆိတ်နှင့်နှံကောင် ဆိုပြီး ပုရွက်ဆိတ်ရဲ့ကြိုတင်တွေးဆတတ်တဲ့ ဓလေ့တွေ၊ ပြင်ဆင်တတ်တဲ့အကျင့်တွေနဲ့ ပတ်သက်ပြီး သင်ယူခဲ့ဖူးပါတယ်။ ပုရွက်ဆိတ်တွေဟာ အင်မတန်သေးငယ်တဲ့ သတ္တဝါလေးတွေ ဖြစ်တဲ့အပြင် နေရာတိုင်းမှာလည်း တွေ့နိုင်တဲ့သတ္တဝါတွေဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့အလေးချိန်ထက် ပုရွက်ဆိတ်အားလုံးရဲ့အလေးချိန်ဟာ ပိုလေးတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် သူတို့တွေဘယ်လိုနေထိုင်ပြီး ဘယ်လိုအသက်ဆက်ကြတယ်ဆိုတာ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။
အချင်းလူပျင်း ပုရွက်ဆိတ်ထံသို့သွား၍ သူ၏အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပုရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက် နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။ အို.. လူပျင်း၊ အသင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း၊ အဘယ်သောအခါ နိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်အံ့သောငှါ ခဏလက်လက်ချင်းပိုက်လျက်နေစဉ်တွင် ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့်မည်။ (သုတ္တံ ၆း၆-၁၁)
ပုရွက်ဆိတ်လေးတွေဆီကနေ ကျွန်တော်တို့ ဘာသင်ခန်းစာယူနိုင်သလဲဆိုရင်.. သူတို့ရဲ့ ကြိုတင်ပြင်ဆင်တတ်တဲ့ အလေ့အကျင့်လေးတွေကို ယုံကြည်သူတွေ သင်ခန်းစာယူသင့်ပါတယ်။ အစာခေါင်းပါးမယ့်အချိန်အတွက် လုံလောက်တဲ့အစာကို သိုမှီးတတ်တဲ့အလေ့အထလေးကို တွေ့ရပါတယ်။ အစာငတ်ပြီးသေသွားတဲ့ ပုရွက်ဆိတ်ဆိုတာ မရှိဘူးဆိုတဲ့သဘောပါ။ ယုံကြည်သူများ အသက်တာမှာလည်း ဝိညာဉ်ရေးရာအစာဖြစ်တဲ့ နှုတ်ကပတ်တော်ကို ရနိုင်သလောက်သိုမှီးထားသင့်ပါတယ်။ အခွင့်အရေးရရင်ရသလို နှုတ်ကပတ်တော်ကို ခံယူပြီး၊ နှုတ်ကပတ်တော်မကြားနိုင်၊ မခံယူနိုင်တဲ့နေရာဒေသ တစ်နေရာရာရောက်သွားခဲ့ရင် ကိုယ်သိုမှီးထားခဲ့တဲ့ အဲဒီနှုတ်ကပတ်တော်ကပဲ ကျွန်တော်တို့အသက်တာကို ပြန်လည်ခွန်အားပေး ရှင်သန်စေမှာဖြစ်ပါတယ်။
ဒါ့ကြောင့် တနင်္ဂနွေနေ့ပဲဖြစ်ဖြစ်၊ ကြားရက်တွေမှာပဲဖြစ်ဖြစ် တတ်နိုင်သလောက် နှုတ်ကပတ်တော်ကြားနိုင်မယ့် နေရာမျိုး အခြေအနေမျိုးတွေကို ရှာဖွေပြီး အသက်တာကို ပြင်ဆင်ထားသင့်ပါတယ်။ နှုတ်ကပတ်တော်ကို ကြားနေရမှ အသက်တာမှာ ဘုရားသခင်နှင့်ဆိုင်တဲ့ယုံကြည်ခြင်းတွေ ခိုင်မာလာပြီး အသက်တာအတွက် ခွန်အားပြည့်နေမှာဖြစ်ပါတယ်။
(ခ) ရှာဖန်ယုန် (ဘုရားသခင်ထံ၌ ခိုလှုံခြင်း)
ရှာဖန်ယုန်ဟာ မြင်ဖူးနေကျနားရွက်ရှည်ယုန်တွေနဲ့တော့ မတူဘဲ မြန်မာလို ပူး လိုမျိုးသတ္တဝါမျိုးနဲ့ခပ်ဆင်ဆင်တူပါတယ်။ သူတို့ဟာ သစ်ရွက်၊ သစ်ခက်များကိုသာစားသုံးပြီး ရန်သူကိုပြန်လည်ခုခံတိုက်ခိုက်နိုင်တဲ့စွမ်းရည်မျိုးမရှိသူများဖြစ်ပါတယ်။ သေးငယ်တဲ့ အုပ်စုလေးတွေနဲ့နေတတ်ကြပြီး၊ အုပ်စုတစ်ခုစီတိုင်းမှာ အထီးတစ်ကောင်ကဦးဆောင်ပါတယ်။ သူတို့ဟာ မိမိကိုယ်ကိုခုခံကာကွယ်နိုင်စွမ်း မရှိကြတဲ့အတွက်ကြောင့် ခိုလှုံရာကို ရှာပြီးကျောက်ဆောင်၊ ကျောက်ကြားတွေမှာ နေကြပါတယ်။ ရန်ပြုတိုက်ခိုက်မယ့် အခြားသတ္တဝါတွေ မဝင်နိုင်တဲ့နေရာမျိုးမှာ ခိုလှုံပုန်းအောင်းတတ်ခြင်းပဲဖြစ်ပါတယ်။ ကိုယ်စွမ်းမရှိပေမယ့် ခိုင်ခံ့တဲ့ခိုလှုံရာဟာ သူတို့အတွက်လုံခြုံမှုရှိစေပါတယ်။
ကျွန်တော်တို့အသက်တာမှာလည်း ဒီရှာဖန်ယုန်ဆီကနေ သင်ခန်းစာယူစရာအဖြစ် ခိုင်ခံ့သေချာတဲ့ခိုလှုံရာဖြစ်တဲ့ ဘုရားသခင်ဆီမှာ ခိုလှုံတဲ့သူတွေဖြစ်ဖို့လိုပါတယ်။ အီဂျစ်ပြည်ကနေ အစ္စရေးလူမျိုးတွေကို ကျွန်ဘဝကနေကယ်ထုတ်ဖို့အတွက် နိမိတ်လက္ခဏာ (၁၀) မျိုးကို မောရှေအားဖြင့် ဘုရားသခင်ပြုခဲ့ပါတယ်။ အဲဒီလို အီဂျစ်ပြည်ထဲမှာ ဘေးဒဏ်တွေနဲ့ဒဏ်ခတ်ခြင်းခံရပေမယ့် ဘုရားသခင်ရဲ့လူမျိုးတွေဖြစ်တဲ့ အစ္စရေးလူမျိုးတွေနေထိုင်တဲ့ ဂေါရှင်ဆိုတဲ့ဒေသမှာတော့ အဲဒီဘေးဒုက္ခတွေဘာတစ်ခုမျှ မခံစားရတာကို တွေ့ရပါတယ်။ အဲဒီဂေါရှင်ဒေသဟာ ဘုရားသခင်ရဲ့ကွယ်ကာမှုအရိပ်အာဝါသအောက်မှာ ရှိနေလို့ပဲဖြစ်တယ်။ အဲဒါကြောင့်ပဲ မောရှေက ၉၁ ခုမြောက်သောဆာလံကို စပ်ဆိုခဲ့တာဖြစ်တယ်။
အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌ နေသောသူသည် အနန္ဒတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။ ထာဝရဘုရား သည်ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသောဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြောဆို၏။ (ဆာလံ ၉၁း၁-၂)
ကိုယ်သွားလေရာရာမှာ ဘုရားသခင်ကို လိုက်ပြီးတော့ ကွယ်ကာခိုင်းဖို့ ကျမ်းစာကမပြောပါဘူး။ ဘုရားသခင်ရဲ့အရိပ်အာဝါသ၊ အကွယ်အကာအောက်မှာနေဖို့ပဲ နှုတ်ကပတ်တော်က သွန်သင်ထားပါတယ်။ ကျွန်တော်တို့အသက်တာမှာ ဘုရားအကွယ်အကာဖြစ်တဲ့ အနန္ဒတန်ခိုးရှင်(အဆုံးမဲ) ရဲ့အရိပ်အောက်မှာအသက်ရှင်လျှောက်လှမ်းနေဖို့သာဖြစ်ပါတယ်။
ဂ) ကျိုင်း (ယုံကြည်သူအချင်းချင်းမိဿဟာယဖွဲ့ခြင်း)
ဦးဆောင်မယ့်သူ၊ အုပ်ချုပ်တဲ့သူမရှိပေမယ့်လည်း အစုအဖွဲ့လိုက်သွားပြီး စည်းလုံးညီညွတ်မှုရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေကြောက်ရတဲ့ သတ္တဝါဖြစ်ပါတယ်။ ဒီကျိုင်းကောင်လေးတွေဟာ အကောင်သေးပေမယ့် အုပ်စုဖွဲ့သွားလာပြီး ပြောင်းခင်း၊ စိုက်ပျိုးခင်းထဲကိုဝင်လာရင် နာရီဝက် - တစ်နာရီအတွင်းမှာ စိုက်ခင်းတစ်ခုလုံးဘာမျှ ပြန်ကောက်စရာမရှိအောင်ကို စားသုံးပစ်လိုက်တတ်ကြပါတယ်။ ဖျက်ဆီးတတ်တဲ့အလေ့အထဟာ လူတွေအတွက်မကောင်းပေမယ့် သူတို့ဆီကနေ ဘာသင်ခန်းစာရနိုင်သလဲဆိုရင် အချင်းချင်းစည်းလုံးညီညွတ်ခြင်း၊ စုပေါင်းလုပ်ဆောင်တတ်ခြင်းဆိုတဲ့ ကောင်းတဲ့အချက်လေးတွေကို ကောက်နှုတ်နိုင်ပါတယ်။
လူအချို့တို့၏ထုံးစံရှိသည့်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို ထောက်သဖြင့်သာ၍ ကြိုးစားကြလော့။ (ဟေဗြဲ ၁၀း၂၅)
ဘုရားသခင်က နေရာတိုင်းမှာရှိပါတယ်။ ဘုရားကျောင်းမသွားလည်း ဘာမှမဖြစ်ပါဘူးဆိုပြီး လူတစ်ချို့ကဘုရားကျောင်း မသွားချင်တဲ့ဆင်ခြေမျိုးပေးတတ်ပါတယ်။ ဟေဗြဲသြဝါဒစာထဲမှာတော့ စည်းဝေးခြင်းလုပ်ဖို့အပြင် ပိုပြီးကြိုးစားဖို့တောင် တိုက်တွန်းထားပါတယ်။ နောက်ဆုံးသောကာလရောက်နေပြီဖြစ်တဲ့အတွက်ကြောင့် သာ၍ကြိုးစားလုပ်ဆောင်ပါ၊ စည်းဝေးခြင်း၊ စည်းလုံးခြင်းအားဖြင့် မိဿဟာယဖွဲ့ပြီး လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တိုက်တွန်းနှိုးဆော်ဖို့၊ ခွန်အားပေးဖို့အတွက် စည်းဝေးခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ ယုံကြည်သူတွေ စည်းလုံးနေမယ်ဆိုရင် သွေးခွဲမယ့် စာတန်ရဲ့လုပ်ရပ်တွေဟာလည်း ထိရောက်မှုရှိမှာမဟုတ်သလို အချင်းချင်းကိုက်နေတဲ့သူတွေလည်း ငြိမ်ချမ်းမှုရလာမှာဖြစ်ပါတယ်။
(ဃ) အိမ်မြှောင် (ဘုရားဝတ်၌မွေ့လျော်ခြင်း)
လူဆောက်ထားပြီးသမျှ အဆောက်အအုံတွေထဲမှာ ခွင့်မတောင်းဘဲ ဝင်ရောက်နေထိုင်တတ်ကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ အိမ်ဘယ်လောက်ကောင်းကောင်း သူတို့အဲဒီအိမ်မှာ ရှိနေတတ်ပါတယ်။ ၂၀၀၉ ခုနှစ်ကထုတ်တဲ့စာစောင်တစ်ခုမှာ ကိုးရီးယားနိုင်ငံမှာ အသစ်ဆောက်လုပ်တဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုရဲ့ ၂၅ ထပ်မြောက်မှာ အိမ်မြှောင်တစ်ကောင်ကို တွေ့ရတယ်လို့ ဆိုထားပါတယ်။ လူတွေတောင်မနေရသေးဘဲ အိမ်မြှောင်က အရင်ရောက်နေတာဖြစ်တယ်။ ကိုယ်တိုင်ဆောက်လုပ်ခြင်းမရှိပေမယ့် သူများဆောက်ပြီးသားနေရာမှာ ပျော်မွေ့စွာနေထိုင်တတ်တဲ့သူတွေဖြစ်ပါတယ်။ နန်းတော်လိုနေရာမျိုးမှာတောင် နေနိုင်တဲ့သတ္တဝါဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရှိတဲ့နေရာတိုင်းမှာ ပျော်ရွှင်စွာနေတတ်ပြီး လူတွေကိုလည်း အန္တရာယ်ပေးလေ့ပေးထမရှိပါဘူး။
ရောင့်ရဲသောစိတ်ပါလျှင် ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ကြီးစွာသောအကျိုးစီးပွားမှန်၏။ (၁တိ ၆း၆)
ကျွန်တော်တို့ယုံကြည်သူတွေအသက်တာမှာလည်း ဘုရားဝတ်မှာမွေ့လျော်တဲ့အသက်တာမျိုးရှိပြီး ရောင့်ရဲတတ် တဲ့သူဖြစ်မယ်ဆိုရင် ကြီးစွာသောအကျိုးစီးပွားဖြစ်လာမှာဖြစ်ပါတယ်။ ပထမဦးမစွာ ကိုယ့်ဖက်က ရောင့်ရဲတတ်တဲ့စိတ်ရှိဖို့လိုပြီး၊ အသက်တာမှာလည်း ဘုရားဝတ်၌မွေ့လျော်ခြင်းတည်းဟူသော နှုတ်ကပတ်တော်ခံယူခြင်း၊ ဘုရားသခင်နှင့်စကားပြောခြင်း၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်းစသဖြင့် ယုံကြည်သူတွေပြုအပ်တဲ့အရာတွေနဲ့ အသက်ရှင်လျှောက်လှမ်းမယ်ဆိုရင်.. အဲဒီနောက်မှာ ကြီးစွာသောအကျိုး ဖြစ်တဲ့ ကောင်းကျိုးချမ်းသာအလုံးစုံဟာ အသက်တာမှာ ပြည့်စုံလာမှာဖြစ်ပါတယ်။ သတိထားရမယ့်အရာက မိမိဖက်က ပထမဆုံးလုပ်ရမယ့်အရာကို မေ့ပြီးဘုရားသခင်ဆီက ကောင်းချီးကိုအရင်မျှော်လင့်တတ်ခြင်းဖြစ်ပါတယ်။ ဘုရားဝတ်၌ အမှန်တကယ်မွေ့လျော်တဲ့သူတွေဟာ အိမ်မြှောင်လေးလိုပါပဲ..၊ နေရာတကာမှာ အဆင်ပြေပြေနဲ့ဘဝကို လျှောက်လှမ်း ကျော်ဖြတ်ကြသူများ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် အသက်ရှိပြီး ဝိညာဉ်မရှိတဲ့သတ္တဝါတွေက ကျွန်တော်တို့လို လူတစ်ချို့ထက်ပိုပြီး ပညာရှိနေတာဟာ ဒီလိုသတ္တဝါတွေအားဖြင့် ကျွန်တော်တို့အသက်တာကို ဘုရားသခင်က စကားပြောနေတာဖြစ်ပါတယ်။ သူတို့ရဲ့အလေ့အထ သဘာဝတွေဟာ ယုံကြည်သူတွေအသက်တာမှာ အတုယူစရာအလေ့အထ၊ အကျင့်စရိုက်လေးတွေအဖြစ် နှုတ်ကပတ်တော်အားဖြင့် ချိန်ထိုးနိုင်သလို အသက်တာအသီးသီးအတွက်လည်း ကောင်းချီးမင်္ဂလာဖြစ်စေပါတယ်။ သေးနုပ်ပေမယ့် ပညာရှိကြတဲ့သတ္တဝါလေးတွေကို ကြည့်ခြင်းအားဖြင့် အယောက်စီတိုင်း ဆင်ခြင်ခွန်အားယူနိုင်ပါစေ..
(မှတ်ချက်။ ။ ၅.၂.၂၀၁၂ တနင်္ဂနွေနေ့တရားဟောချက်မှကောက်နှုတ်ဖော်ပြသည်။)
2/27/2012
အတုယူစရာသတ္တဝါ..
2/27/2012
Dim




