2/01/2012

အသိဉာဏ်ရှိတဲ့ ဇနီးမယားဖြစ်အောင် ဘယ်လိုလုပ်မလဲ?



ရေနဲ့တူတဲ့ မိန်းမ

ဒီလိုစကားတစ်ခွန်းကို ကျွန်မ အရမ်းသဘောကျခဲ့တယ်။ "မိန်းမတစ်ယောက်ဟာ ရေလိုကျယ်ပြန့်နွေးထွေးတဲ့ ရင်ခွင်ရှိရင် သူဟာ ရေနဲ့တူတဲ့မိန်းမပါ"တဲ့။ ရေလိုပျော့ပျောင်းနိုင်သလို၊ ရေလိုအင်အားကြီးမားနိုင်တဲ့ ဒီလိုမိန်းမမျိုးဟာ စိတ်သဘောထားကြီးမြတ်တယ်၊ အမျှော်အမြင်ရှိတယ်၊ အကြင်နာကရုဏာနဲ့ လူတွေကို ပြောဆိုဆက်ဆံတတ်တယ်၊ လူတွေကို ကူညီ၊ ဂရုစိုက်တတ်တယ်။ ဘာမှ မမျှော်ကိုးဘဲ ပေးဆပ်ခြင်းသက်သက်နဲ့ပဲ ပေးဆပ်တယ်၊ ဒီလို မိန်းမမျိုးဟာ မိသားစုကို ပျော်ရွှင်ခြင်းတွေ ဖန်တီးပေးနိုင်တဲ့ မိန်းမမျိုးဖြစ်တယ်။

ကိုယ့်ကိုယ်ကိုချစ်တဲ့ မိန်းမ

အသိဉာဏ်ရှိတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ သိနားလည်သူဖြစ်တယ်။ ကိုယ့်ကိုယ်ကိုချစ်မှ သူတစ်ပါးရဲ့အချစ်ကိုရမယ်၊ သူတစ်ပါးကို ချစ်တတ်မှာဖြစ်တယ်။ တစ်ခါက ကျွန်မကို မေးတဲ့မေးခွန်းတစ်ခုကို ကျွန်မ ဒီလိုပြန်ဖြေခဲ့တယ်။

တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်မရှိရင် ချစ်စရာကောင်းအောင် နေပါ။

တကယ်လို့ ချစ်စရာကောင်းအောင်လည်း မနေတတ်ဘူးဆိုရင် စိတ်နေစိတ်ထားကို မြှင့်တင်ပါ။

တကယ်လို့ စိတ်နေစိတ်ထားကို မမြှင့်နိုင်ရင် နူးညံ့သိမ်မွေ့ပါ။

တကယ်လို့ နူးညံ့သိမ်မွေ့တာလည်း နားမလည်ဘူးဆိုရင် အကျင့်သီလရှိပါ။

တကယ်လို့ အကျင့်သီလရှိတာလည်း မလုပ်နိုင်ဘူးဆိုရင် ပြုံးရယ်ပါ။

ပြုံးရယ်တာဟာ အလှဆုံးဘာသာစကားဖြစ်တယ်။ ဘယ်သူကမှ သင့်ရဲ့အပြုံးအရယ်ကို မဟန့်တားနိုင်ဘူး၊ မငြင်းဆန်နိုင်ဘူး။ တကယ်လို့ သင့်မှာ လှပတဲ့ရုပ်ရှည်ရှိခဲ့ရင်လည်း စာများများဖတ်ပြီး အသိပညာတိုးပွားအောင် လုပ်ပါ။ အကြောင်းက အချိန်ရဲ့တိုက်စားချက်ကြောင့် လှပတဲ့ရုပ်ရည်တွေဟာ တစ်ချိန်ချိန်မှာ အိုမင်းသွားတတ်တယ်။ စာဖတ်ခြင်းကြောင့်ရလာတဲ့ အသိပညာတွေက နှစ်ချို့ဝိုင်တွေလို နှစ်ကြာလေ တန်ဖိုးရှိလေဖြစ်တယ်။ နောက်ပြီး တစ်ခုမှတ်ထားရမှာက အမြဲတမ်း နုပျိုပျော်ရွှင်တဲ့စိတ်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။

မိန်းကလေးတွေ ချွဲနွဲ့တတ်တာ၊ အလှပြင်တတ်တာ၊ ပေါင်တံလေးဖြောင့်စင်းအောင် ဂရုစိုက်တတ်တာတွေကို ယောက်ျားလေးတွေ လိုချင်ကြတယ်၊ ယောက်ျားလေးတွေ ဂရုစိုက်ကြတယ်လို့ မိန်းကလေးအများက မှားမှားယွင်းယွင်း ထင်ခဲ့ကြတယ်။ တကယ်တမ်း ယောက်ျားလေးတွေ ပိုဂရုစိုက်၊ ပိုလိုချင်တာက မိန်းကလေးရင်ထဲက ထွက်ပေါ်လာတဲ့ ပင်ကိုအရည်အချင်းတွေ၊ ကျန်းမာတဲ့၊ နေရောင်လိုလင်းလက်တဲ့ စိတ်နေသဘောထားတွေဖြစ်တယ်။ ဒီအရာတွေက မိန်းကလေးကိုယ်ပေါ်မှာ ဝတ်စားထားတဲ့ နာမည်ကြီးတံဆိပ်တွေနဲ့ တိုင်းတာ၊ အစားထိုးလို့ မရနိုင်ပါဘူး။

လင်ယောက်ျားရဲ့ အတွင်းသိသူ၊ လင်ယောက်ျားရဲ့ချစ်သူ

လင်ယောက်ျားရဲ့ချစ်သူလို့ဆိုလိုက်တာနဲ့ လူတိုင်းရဲ့အတိုက်အခံကို ကျွန်မခံရတော့မယ်။ ကျွန်မပြောတာကို စိတ်ရှည်ရှည်ထားပြီး အရင်ဆုံးနားထောင်ပေးပါ။

လူတိုင်းမှာ မတူတဲ့ဝါသနာ၊ မတူတဲ့စိတ်ဝင်စားမှုတွေ ရှိတယ်။ တချို့က ပန်းမာလ်တွေကို စိတ်ဝင်စားတယ်၊ တချို့က လက်ဖက်ခြောက်တွေ မြည်းစမ်းရတာကို ကြိုက်တယ်။ တချို့က ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတယ်၊ တချို့က ပန်းချီတွေကို စိတ်ဝင်စားတယ်။ လင်မယားတွေမှာလည်း အဲဒီလိုပါပဲ... လင်ယောက်ျားကြိုက်တာကို မယားကြိုက်ချင်မှ ကြိုက်မယ်၊ မယားစိတ်ဝင်စားတာကို လင်ယောက်ျားစိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်။ ချစ်သူရည်းစားဖြစ်စမှာတော့ တစ်ဦးအကြိုက်ကို တစ်ဦးလိုက်လျောခဲ့တယ်။ အကြိုက်တူပြီး စိတ်နှလုံးချင်းထပ်ခဲ့ကြတယ်။ ဒါပေမဲ့ လက်ထပ်ပြီး အိမ်ထောင်သည်ဘဝရောက်တော့ နှစ်နှစ်လလရဲ့တိုက်စားချက်တွေကြောင့် အကြိုက်တွေ၊ စိတ်ဝင်စားမှုတွေက တဖြည်းဖြည်း ကွာဟလာခဲ့ကြတယ်။ အခြားတစ်ယောက်အတွက် ဆန်၊ ဆီ၊ ဆားစတဲ့အရာတွေက နေ့တိုင်း မပြောမဖြစ် ပြောရတဲ့စကားဖြစ်လာတဲ့အခါ အခြားတစ်ယောက်က အဲဒီစကားကို ပြန်ဖြေ၊ ပြန်ပြောဖို့ ငြီးငွေ့လာတော့တယ်။ အဲဒီလိုနဲ့ အိမ်မှာကြုံရတဲ့ ငြီးငွေ့တဲ့အရာတွေကို အပြင်က လတ်ဆတ်ဆန်းသစ်တဲ့ အရာတွေရှာပြီး အစားထိုးတော့တယ်။ တကယ့်လက်တွေ့ဘဝ အိမ်ထောင်ရေးမှာ ရိုမန်တစ်ဆန်တာလေးတွေလည်း လိုအပ်တယ်။ လင်ယောက်ျားရဲ့ ဝါသနာ၊ စိတ်ဝင်စားတာတွေကို နည်းနည်းဂရုစိုက်ကြည့်ပါ။ သူနဲ့ အတူပါဝင် လှုပ်ရှားပါ။ သူပြောတာတွေကို နားထောင်ပေးပါ။ သူရဲ့ အမာခံ နားထောင်သူပရိသတ်လုပ်ပါ။ အဲဒီလိုလုပ်တဲ့အခါ စိတ်ထဲမှာ စိတ်ပါလက်ပါရှိပါစေ၊ ဟန်ဆောင်မှုတွေ ကင်းပါစေ။ ဒါတွေကို လုပ်နိုင်ရင် သင်ဟာ လင်ယောက်ျားရဲ့ အတွင်းသိသူ၊ လင်ယောက်ျားရဲ့ချစ်သူဖြစ်ပါတယ်။

လှပပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောင်နိုင်ဖို့ အသိဉာဏ်လိုအပ်တယ်။ အဲဒီအပြင် ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုအတွက် ပေးဆပ်နိုင်တဲ့ နှလုံးသားတစ်စုံရှိဖို့ ပိုလိုအပ်တယ်။ ဇနီးမယားရဲ့ အပြုအမှုဟာ dominoကစားနည်းထဲက ပထမဆုံးအချပ်နဲ့ တူတယ်။ ရထားတွဲလို အချပ်လေးတွေအားလုံးကို ဦးဆောင်ထားတယ်။ ကိုယ်တိုင်ပျော်ရွှင်မှ အိမ်ထောင်တစ်ခု၊ မိသားစုတစ်စုကို ပျော်ရွှင်ခြင်းဆီ ဦးဆောင်၊ သယ်ဆောင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ထက်မြက်တဲ့ မိန်းကလေးတို့ရေ... ပျော်ရွှင်ခြင်းကို သင့်လက်ထဲမှာ သင်ကိုယ်တိုင် ဆုပ်ကိုင်ထားပါတယ်