(၁၁) လူတိုင်းမှာ ကိုယ်ပိုင်ရှင်သန်နည်းတွေရှိတယ်
ကိုယ့်နာကျင်မှုကို ကိုယ်ပဲသိတယ်။ ကိုယ့်ဝမ်းနည်းကြေကွဲတာကို ကိုယ်ပဲသိတယ်။ ကိုယ့်ပျော်ရွှင်တာကို ကိုယ်ပဲခံစားသိနိုင်တယ်။ ကိုယ့်အကြည့်ထဲကငရဲပြည်ဟာ တခြားသူအကြည့်မှာ ကောင်းကင်ဘုံဖြစ်ရင်လည်းဖြစ်မယ်။ ကိုယ့်အကြည့်ထဲက ကောင်းကင်ဘုံဟာ တခြားသူအကြည့်မှာ ငရဲပြည်ဖြစ်ရင်လည်းဖြစ်မယ်။ ဘဝဆိုတာ ဒီလိုပဲ ရယ်ရွှင်စရာကောင်းခဲ့ပါတယ်။ လှပတဲ့နွေဦးကာလတွေက သူတပါးအတွက်ပဲလားလို့ သံသယ မဖြစ်လိုက်ပါနဲ့။ အဓိက,က ကိုယ့်စိတ်သဘောထားကို ကိုယ်ထိန်းညှိပြုပြင်၊ ဘယ်သူနဲ့မှ မပြိုင်မဆိုင်ဘဲ ပျော်ပျော်ရွှင်ရွှင်၊ ကောင်းကောင်းမွန်မွန် ရှင်သန်နေဖို့ပဲ လိုခဲ့ပါတယ်။
(၁၂) လိုချင်တပ်မက်မှုရဲ့ ကျေးကျွန်မလုပ်ဘူး
"ပိုးဖလံမျိုး မီးကိုတိုး"လို့ လူတွေက အမြဲဆိုကြတယ်။ "အစာကိုပဲမြင်ပြီး မျှားချိတ်ကိုမမြင်တဲ့ ငါး"လို့ လူတွေက အမြဲ ပျက်ရယ်ပြုတယ်။ "ကိုယ့်ကိုယ်ကို ထောင်ချောက်ဆင် နွံနစ်တဲ့လူ"လို့ လူတွေက အမြဲကဲ့ရဲ့စကားဆိုတယ်။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်ဘေးမှာလည်း ဒီလို လိုချင်တပ်မက်မှုနွံ့ထဲ ရုန်းထွက်မရတဲ့အဖြစ်တွေ အများကြီးရှိတာကို တွေ့ရတယ်။ ဆင်ကို မြွေမျိုသလိုမျိုး လူတွေရဲ့စိတ်ဟာ ဘယ်တော့မှ ပြည့်ဝတယ်ဆိုတာ မရှိခဲ့ပါဘူး။ မကောင်းတဲ့ လိုချင်တပ်မက်မှုထဲမှာ မနိုးကြားနိုင်သူ၊ စိတ်ရဲ့အလိုကို အမြဲလိုက်တဲ့သူဟာ နောက်ဆုံးမှာ ကိုယ့်လွတ်လပ်မှုကိုတောင် လက်လွတ်ဆုံးရှုံးစေနိုင်ပါတယ်။
(၁၃) ပေါ့ပေါ့ပါးပါးရှင်သန်ပါ၊ ပျော်ပျော်ရွှင်ရွှင် ရှင်သန်ပါ
တခြားလူနဲ့ မပြိုင်မဆိုင်ရင် ကိုယ့်ကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။
ဘဝရည်မှန်းချက်ကို ခပ်မြင့်မြင့်မထားရင် ကိုယ့်ကိုယ်ကို ပျော်ရွှင်ချမ်းမြေ့စေပါတယ်။
ပြီးပြည့်စုံတာကို တမင်လိုက်မတောင့်တရင် နာကျင်ခြင်းကနေ ကိုယ့်ကိုယ်ဝေးစေပါတယ်။
ကိုယ့်ကိုယ်ကို အရမ်းမတောင်းဆိုရင် ရှင်သန်ရတာ လွတ်လပ်ပါတယ်။
အပြစ်အနာအဆာတွေကို လိုက်ရှာမနေရင် ကိုယ့်ကိုယ်ကို ပေါ့ပါးလွယ်ကူစေပါတယ်။
(၁၄) ကိုယ့်ကိုယ်ကို နှစ်သက်တတ်မှ ဘဝကိုပွေ့ဖက်တတ်မယ်
မမြင်မကန်းနဲ့ ကိုယ့်ကိုယ်ကိုအထင်ကြီးတာက အသိမဲ့ဝင့်ကြွားသူရဲ့ လူ့ဘဝဖြစ်တယ်။
စမ်းတဝါးဝါးနဲ့ ကိုယ့်ကိုယ်ကိုလက်လွတ်ဆုံးရှုံးတာက အဆိုးမြင်သူရဲ့ လူ့ဘဝဖြစ်တယ်။
ကိုယ့်ကိုယ်ကို နားလည်နိုင်ဖို့က တခြားသူကိုနားလည်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကို နှစ်သက်နိုင်ဖို့က တခြားသူကို နှစ်သက်နိုင်ဖို့ထက် ပိုခက်တယ်။
ကိုယ့်ကိုယ်ကိုလေးစားတဲ့ ကျန်းမာစိတ်ရှိမှ တွေ့ကြုံလာသမျှ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်မယ်၊ မာယာများတဲ့ လောကဓံကြားမှာ ကိုယ့်ကိုယ်ကို မပျောက်ဆုံးစေဘူး၊ တစ်ခေါက်တစ်ခါကြုံရတဲ့ အခက်အခဲနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်ဘူး၊ အမြဲတမ်း အကောင်းမြင်စိတ်၊ တည်ငြိမ်စိတ်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မယ်၊ ပျော်ရွှင်စိတ်၊ ခိုင်မာတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုနိုင်မှာဖြစ်တယ်။
(၁၅) ရိုးသားကြင်နာတဲ့အကြည့်နဲ့ လောကကြီးကိုကြည့်ပါ
ရေကြည်လွန်းရင် ငါးမရှိ၊ လူစေ့စပ်လွန်းရင် မိတ်ဆွေမရှိဆိုသလို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တပါးသူရဲ့အားနည်းချက်ကို သည်းမခံနိုင်ရင် လူလူချင်းရန်သူတွေဖြစ်ကုန်လိမ့်မယ်။ ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းဆက်ဆံနိုင်ကြမှာ မဟုတ်တော့ဘူး။
အပြစ်ရှိတဲ့အကြည့်နဲ့ လောကကြီးကိုကြည့်ရင် နေရာတိုင်းမှာ အပြစ်အနာအဆာတွေကိုပဲ မြင်တယ်။ ရိုးသားကြင်နာတဲ့အကြည့်နဲ့ လောကကြီးကိုကြည့်ရင် နေရာတိုင်းမှာ ချစ်ခင်စရာ၊ ကြည်နူးစရာတွေကိုပဲ မြင်တယ်။ ကြင်နာတဲ့အကြည့်နဲ့ကြည့်လေ လောကကြီးက ချစ်စရာကောင်းလေ၊ နှစ်သက်လေဖြစ်တယ်။
ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ (၁-၅)
ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ (၆-၁ဝ)
အချက်(၂၅)ရှိတယ်.. ဆက်ရေးပါဦးမယ်
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
2/27/2012
ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်သူ
2/27/2012
Dim




