ဟိုးဝေးခေါင်တဲ့ တောင်တန်းကြားမှာ
နက်ရှိုင်းတဲ့တောင်စောင်းတစ်ခုရှိတယ်။ အဲဒီနေရာမှာ လီလီပန်းလေးတစ်ပင်
ပေါက်နေခဲ့တယ်။အဲဒီလီလီပန်းပင်လေး စပေါက်တုန်းက သူ့ပုံစံက ပေါင်းမြက်တွေအတိုင်းပါပဲ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သူဟာ
လီလီပန်းတစ်ပင်ဆိုတာ သိနေခဲ့တယ်။
သူ့ရဲ့နှလုံးသားနက်နက်ထဲမှာ
သန့်ရှင်းစင်ကြယ်တဲ့ အတွေးအိပ်မက်တစ်ခုရှိတယ်။ အဲဒီအတွေးက " ငါဟာ
လီလီပန်းတစ်ပင်ဖြစ်တယ်။ ငါဟာ မြက်ရိုင်းတစ်ပင်မဟုတ်ဘူး။ ငါ လီလီဖြစ်တယ်ဆိုတာကို
သက်သေပြနိုင်တဲ့တစ်ခုတည်းသောအရာက လှပတဲ့လီလီပန်းတွေ ဖူးပွင့်ဖို့ပဲ"။
ဒီလို
စိတ်ကူးအတွေးရှိပြီးတဲ့နောက် လီလီပင်လေးဟာ လုံလောက်တဲ့ ရေဓာတ်နဲ့ နေရောင်ခြည်ကို
ကြိုးစားပြီးခံယူတော့တယ်။ အခြေခိုင်အောင် အမြစ်ကို နက်သထက်နက်နက် ကုပ်ယူပြီး
ရင်ကိုစွင့်ထားလိုက်တယ်။
သူ့နံဘေးကမြက်ရိုင်းတွေကသူ့နောက်ကွယ်မှာသူ့ကိုအချင်းချင်းလှောင်ရယ်ကြတယ်။
"သူက မြက်တစ်ပင်ဖြစ်ရက်သားနဲ့ ကိုယ့်ကိုယ်ကိုယ် ပန်းတစ်ပင်လို့ဆိုတယ်။ အဲဒီအငုံကိုများ ပန်းဖူးလို့ထင်နေသေးတာ..တကယ်တော့အဲဒါကအဖူးမဟုတ်ဘူး....အဖုပေါက်နေတာ"သူ့ရှေ့မှာလည်း ကဲ့ရဲ့ဝေဖန်တယ်...
"နင် အိပ်မက်မက်မနေနဲ့တော့... နင် ပန်းပွင့်တတ်တယ်ဆိုရင်လည်း ဒီလိုဝေးခေါင်တဲ့နေရာမှာ နင်လည်း ငါတို့နဲ့အတူတူပဲ တန်ဖိုးမရှိဘူး"
ဘယ်လိုကဲ့ရဲ့လှောင်ပြောပေမယ့် လီလီပင်လေးက
"ငါ ပန်းပွင့်မယ်... ငါ့မှာ လှပတဲ့ပန်းရှိတယ်ဆိုတာကို ငါသိတယ်။
ငါ ပန်းပွင့်မယ်...ငါ့မှာ ပွင့်လန်းနိုင်တဲ့အရည်အချင်းရှိတယ်။
ငါ ပန်းပွင့်မယ်... ဒါဟာ ငါ့ရဲ့တည်ရှိနေမှုကို ပန်းနဲ့သက်သေပြတာဖြစ်တယ်။
ဘယ်သူ့မှ ငါ့ကို မကြည့်ချင်နေ၊ ငါ့ကို ဘယ်လိုမြင်မြင်
ငါ ပန်းပွင့်မယ်" လို့ သံဓိဌာန်ချလိုက်တယ်။
မြက်ရိုင်းတွေရဲ့ အထင်သေးမှုအောက်မှာ လီလီပင်လေးဟာ ကိုယ့်အစွမ်းအစနဲ့ တတ်နိုင်သလောက် ကြိုးစားရှင်သန်နေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဖူးငုံ့လေးတွေဟာ ဖြူဖွေးစွင့်ကားလာခဲ့တယ်။
လီလီပင်လေး ပန်းပွင့်ခဲ့ပါပြီ။ အဲဒီပန်းဟာ အဲဒီတစ်ဝိုက်က အလှဆုံးပန်းဖြစ်ခဲ့ပါတယ်။
ဒီလိုအချိန်မျိုးမှာ မြက်ရိုင်းတွေရဲ့ပါးစပ် ပိတ်ကုန်ခဲ့ကြပါတယ်။
လီလီဟာ တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်နေခဲ့ပါတယ်။ သူ့ရဲ့ပွင့်ဖတ်ပေါ်မှာ လင်းလက်တဲ့ရေစက်တွေ နေ့တိုင်းရှိနေခဲ့ပါတယ်။ ဒါဟာ ညပိုင်းကကျတဲ့ နှင်းစက်တွေလို့ မြက်ရိုင်းတွေက ထင်နေကြတယ်။ တကယ်တော့ ဒါဟာ သူ့ရဲ့ပျော်ရွှင်မှုမျက်ရည်တွေဆိုတာကို လီလီပဲသိပါတယ်။
နှစ်စဉ်နှစ်တိုင်းရဲ့ နွေဦးရာသီမှာ လီလီဟာ အစွမ်းကုန်ဖူးပွင့်တယ်၊ အသီးသီးတယ်။ မျိုးစေ့တွေကို လေနဲ့အတူ လွင့်ပါးစေပြီး တောင်စောင်းအနှံ့၊ မြက်ခင်းပြင်အနှံ့၊ ချောက်ကမ်းပါးအနှံ့မှာ ဖြူဖွေးတဲ့လီလီပန်းတွေ ပေါက်ရောက်ဖူးပွင့်စေခဲ့တယ်။
နှစ်ပေါင်းများစွာကြာတဲ့အခါ ဒီတောနက်တောင်စောင်းဟာ မြို့ပေါ်က လာရောက်အပန်းဖြေသူတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ တစ်တောတစ်တောင်လုံး ဖူးပွင့်နေတဲ့လီလီပန်းကို လာရောက်ကြည့်ရှုသူတွေ များလာခဲ့ပါတယ်။
ကလေးငယ်တွေက ဒူးထောက်ပြီး လီလီပန်းရနံ့ကို ရှုရှိုက်ကြတယ်။
ချစ်သူရည်းစားတွေက လီလီပန်းတွေရဲ့ရှေ့မှာ ရာသက်ပန်ပေါင်းဖက်ကြရဖို့ ဆုခြွေကြတယ်။ လှပသန့်ရှင်းစင်ကြယ်တဲ့ ဒီနေရာလေးကိုကြည့်ပြီး လူတွေဝမ်းသာပီတိ စိတ်ကြည်လင်ခဲ့ကြတယ်။ အချင်းချင်းရဲ့ရင်တွေ နွေးထွေးခဲ့ကြတယ်။
အဲဒီနေရာကို လီလီ့နိဗ္ဗာန်ဘုံလို့ လူတွေတင်စားခဲ့ကြတယ်။
ဘယ်သူမှ မနှစ်သက် မကြည့်ရှုခံစားလည်း အဲဒီနေရာမှာ ဖူးပွင့်နေတဲ့ လီလီပန်းတွေက အဲဒီဒေသမှာ ပထမဆုံးပေါက်ရောက်တဲ့ သူတို့ရဲ့မိခင်
လီလီပင်ရဲ့စကားကို သေချာမှတ်သားထားခဲ့ကြတယ်... "ငါတို့ အစွမ်းကုန်ဖူးပွင့်ကြရမယ်... ငါတို့ရဲ့ရှင်သန်တည်ရှိနေမှုကို ပန်းပွင့်နဲ့ ငါတို့သက်သေပြမယ်" ဆိုတာပဲဖြစ်ပါတယ်။
*****
လီလီပန်းက မြင့်မြတ်တဲ့ချစ်ခြင်း၊
ကောင်းမွန်တဲ့ တောင်းဆုခြွေခြင်းကို ဖော်ဆောင်တယ်
လီလီပန်းက သန့်ရှင်းစင်ကြယ်တဲ့ အနက်လည်းဆောင်တယ်တဲ့...
ကိုယ့်အပေါ်ဘယ်လောက်မကောင်းခဲ့လည်း ကိုယ့်ဘက်ကတော့ မြင့်မြတ်တဲ့ချစ်ခြင်းနဲ့ သန့်ရှင်းစင်ကြယ်စွာ
ကောင်းရာမွန်ရာရောက်စေကြောင်း တောင်းဆုခြွေတယ်ပေါ့... ခွင့်လွှတ်ခြင်းကို ဖော်ဆောင်တယ် လို့ပြောရင်လည်း
မမှားပါဘူး
Credit to - 99