11/16/2015

ပန်းဝေတဲ့ မြက်

အဲဒီတုန်းက ကျွန်တော်တို့ ရွာမှာပဲရှိနေသေးတယ်။
အဲဒီတုန်းက ကျွန်တော်တို့ ၁၅ , ၁၆နှစ် အရွယ်တွေပေါ့။
နှင်းစက်တွေနဲ့ ဆေးကြောပြီးစ နွေဦးရာသီတစ်ခုမှာ ပေါင်းမြက်တွေက ရွက်နုတွေဝေပြီး သူ့ထက်ငါအပြိုင် မြေကြီးထဲက ထိုးထွက်လာကြတယ်။ ဆောင်းခိုငှက်လေးတွေက တစ်အုပ်ပြီးတစ်အုပ် တောင်အရပ်ကနေ ပြန်လာကြပြီး ကျွန်တော်တို့ တံစက်မြိတ်အောက်မှာ နေရာယူကြတယ်။ ကျောင်းဝင်းထဲက သစ်ပင်တွေလည်း ငှက်လျှာသဏ္ဍာန် ရွက်နုလေးတွေ အစီအရီ ဖူးပွင့်လာကြတယ်။


ကျွန်တော်တို့ရွာနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ မြို့နယ်တစ်ခုမှာ စာစီစာကုံးပြိုင်ပွဲအတွက် ကျောင်းက ကျောင်းသား ၁ဝယောက်ကို ရွေးချယ်မယ်ဆိုတဲ့အကြောင်း ဆရာကပြောလာခဲ့တယ်။ အဲဒီသတင်းကြားတော့ ကျွန်တော်တို့ပျော်မိသလို စိုးရိမ်စိတ်လည်း ဝင်ခဲ့မိတယ်။ ပထမဆုံးအကြိမ်ကားစီးပြီး စည်ကားတဲ့မြို့ကို ကျွန်တော်တို့ လည်ပတ်ဖို့ အခွင့်အရေးရခဲ့လို့ပျော်ရွှင်မိပေမယ့် စာစီစာကုံးပြိုင်ပွဲမှာ ကျွန်တော်တို့လို တောမှာကြီးပြင်းခဲ့သူတွေက မြို့သားတွေကို ယှဉ်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့မိတယ်။
တစ်ခေါင်းလုံး ဆံပင်တွေဖွေးဖွေးဖြူနေတဲ့ ကျောင်းအုပ်ကြီးက ကျွန်တော်တို့ရဲ့ စိုးရိမ်စိတ်ကို မြင်သွားပြီး ပြိုင်ပွဲဝင်မယ့် ကျောင်းသားတွေကို တွေ့ဆုံခဲ့တယ်။
“ဆရာတို့တစ်တွေဟာ တောမှာပဲ ကြီးလာခဲ့ကြတယ်။ မင်းတို့လည်း လက်စိုက်၊ ထင်းခုတ်နဲ့ တောထဲတောင်ထဲ သွားခဲ့ကြတယ်။ တောတောင်ထဲမှာ ပန်းမပွင့်တတ်တဲ့ မြက်ပင်ကို ဘယ်သူသိလဲ၊ ဘယ်သူမြင်ဖူးလဲ.. သိရင် ဆရာကို ပြောပြပါ”

ပန်းမပွင့်တတ်တဲ့ မြက်... တွေ့ဖူးသမျှ ပေါင်းမြက်ထဲက ဘယ်မြက်က ပန်းမပွင့်တတ်လဲ... ကျွန်တော်တို့ အပြေးအလွှား စဉ်းစားကြတယ်။ မိုးရာသီမှာပေါက်တဲ့ ဟိုမြက်လေး .. သူ့မှာလည်း အပွင့်ဝါဝါလေးတွေ ရှိတာပဲ။ မြေကြီးမှာကပ်ပေါက်တဲ့ ဟိုမြက်ပင်လေးလည်း အပွင့်လေးတွေ ပွင့်တာပဲ။ လယ်ကန်တင်းရိုးပေါ်က ပေါင်းမြက်တွေလည်း အပွင့်ပွင့်တာပဲ။ လယ်တောတစ်ခွင်၊ တောတောင်တစ်ကျောသာ ကုန်သွားတယ်။ ပန်းမပွင့်တတ်တဲ့မြက်ပင်ကို ကျွန်တော်တို့ စဉ်းစားမရခဲ့ကြဘူး။

ကျောင်းအုပ်ကြီးက “ကလေးတို့... ပန်းမပွင့်တတ်တဲ့ မြက်ဆိုတာ မရှိဘူး။ ပေါင်းမြက်တိုင်း ပန်းပွင့်တတ်တယ်။ အဖိုးတန်ပန်းအိုးနဲ့ စိုက်ထားတဲ့ ပန်းဟာလည်း မြက်ပဲ။ လယ်တောဘေးမှာ ပေါက်နေတဲ့ မြက်ဟာလည်း ပန်းပါပဲ။ ဘယ်နေရာ၊ ဘယ်လိုပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့ပါစေ မင်းတို့ဟာ အပွင့်ပွင့်တတ်ကြတဲ့ မြက်တွေပါ။ အပွင့်မပွင့်တတ်တဲ့ မြက်ဆိုတာ မရှိဘူး။ ကလေးတို့ မြဲမြဲမှတ်ထားကြပါ”

နှစ်တွေကြာခဲ့ပါပြီ... တောနက်ထဲကနေ မြို့ပေါ်က တက္ကသိုလ်ကို ကျွန်တော်ရောက်ခဲ့တယ်။ ကျွန်တော် အားမငယ်ခဲ့ဘူး။ ကျွန်တော် ဂဏာမငြိမ် မဖြစ်ခဲ့ဘူး။ ကျောင်းအုပ်ကြီးရဲ့ စကားကိုပဲ ကျွန်တော်အမြဲကြားယောင်ခဲ့တယ်။ “ပန်းမပွင့်တတ်တဲ့မြက်ဆိုတာ မရှိဘူး”
ကျွန်တော်တို့ဟာ မြက်တစ်ပင်ပဲဖြစ်ခဲ့တာ မဟုတ်ပါဘူး.. လူတိုင်းက ပန်းကိုယ်စီ ဖူးပွင့်တတ်တဲ့ဘဝကို ပိုင်ဆိုင်ထားကြပါတယ်။
ကျွန်တော်တို့ဟာ ပန်းတစ်ပွင့်ပဲဖြစ်ခဲ့တာ မဟုတ်ပါဘူး.. ရွက်နုတွေ ဝေဖြာတတ်တဲ့ မြက်တစ်ပင်လည်း ဖြစ်ခဲ့ပါတယ်။
-----------
၂ဝဝ၈ ဇွန် ၁၉ရက် လန်ဒန်ထုတ် တရုတ်သတင်းစာ The Epoch Times မှ
နိုင်းနိုင်းစနေ (Saturday, June 21, 2008)