သွေးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ်
အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော
ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်..
ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး
နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက
သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား
ခေါ်ဝေါ် ကြပါတယ်..
သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး
နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို
အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း
ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure)
ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး
ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍
ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. “The
Seventh Report of the Joint National Committee on Prevention, Detection,
Evaluation, and Treatment of High Blood Pressure” (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..
သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း
တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်..
ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ
(Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ
ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ
(Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊
အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome,
Pheochromocytoma…)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ
(Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊
သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic
medications,…) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism)
တို့ဖြစ်ပါတယ်..
သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20
(or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ
ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်..
အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys
၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်
- အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
- အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..
သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ
မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်..
များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်..
ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊
အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ
ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့်
ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊
လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍
ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ
ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင်
ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ်
ကြပါတယ်..
- သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
- ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
- သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
- မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..
JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည်
သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ
အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး
ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..
- ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
- လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
- Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို ရှောင်ပါ..
- အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
- သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်..
http://www.mmonlineclinic.com/?p=179