9/19/2015

ရင်ထဲက မျက်ရည်မကျတတ်တဲ့သစ်ပင်

၁၉၈ဝခုနှစ် ဒီဇင်ဘာလမှာ သူ့ကို အမေရိကန်နိုင်ငံ နယူးယောက် Staten Islandမှာ မွေးဖွားခဲ့တယ်။ သူဟာ အပြာရောင်လဲ့လဲ့မျက်လုံးကို ပိုင်ဆိုင်ထားတဲ့ ကလေးငယ်တစ်ဦးဖြစ်တယ်။

 လူ့လောကထဲရောက်လာတာနဲ့ ဝမ်းနည်းနာကျင်တဲ့ဘဝတစ်ခုက သူ့ကိုစောင့်ဆိုင်းနေတယ်ဆိုတာကို သူမသိခဲ့ပါဘူး။ ကလေးဘဝထဲက သူ့မှတ်ဉာဏ်ထဲမှာ ဖခင်ရဲ့ပြုံးရယ်တဲ့မျက်နှာကို သူမမြင်ဖူးခဲ့ဘူး။ သူသာ အမှားလေးတစ်ခုလုပ်ခဲ့မိရင် ဒါမှမဟုတ် ဖခင်စိတ်ကောင်းမဝင်တဲ့အချိန်နဲ့တိုးရင် သူအရိုက်ခံရလေ့ရှိခဲ့တယ်။
တစ်ခါက အသက်(၅)နှစ်အရွယ်တာရှိသေးတဲ့သူ အိမ်သော့ယူဖို့မေ့သွားခဲ့တယ်။ ကျောင်းကအပြန် အိမ်ရောက်တာနဲ့ဖခင်ဟာသူ့ကိုတံခါးဖွင့်မပေးခဲ့ဘူး။ အေးစက်စက်နှင်းတောထဲမှာ မောပန်းတဲ့အထိ
 အော်ငိုရုံသာ သူတတ်နိုင်ခဲ့တယ်။ မိုးလင်းခါနီးမှ အေးစက်တောင့်တင်းနေတဲ့ သူ့ခန္ဓာကိုယ်ကို ဖခင်က အိမ်ထဲဆွဲသွင်းခဲ့တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ အဲဒီညအတွေ့အကြုံက သူရဲ့ငယ်ရွယ်တဲ့စိတ်ဝိညာဉ်ထဲမှာ အရိပ်ဆိုးပမာတွယ်ငြိခဲ့တယ်။

တစ်နေ့မှာ သူအရိုက်ခံခဲ့ရပြန်တယ်။ သူဟာငိုယိုပြီး အိမ်အနီးနားက တောင်ကုန်းတစ်ခုပေါ်ဆီပြေးတက်ပြီး ချောက်ထဲခုန်ချဖို့ စိတ်ကူးခဲ့တယ်။ အဲဒီမှာ နွေးထွေးတဲ့လက်တစ်စုံက သူ့ကိုတားဆီးခဲ့တယ်။ သူက ကြင်နာတတ်တဲ့ အဘွားပဲဖြစ်တယ်။ အဘွားရဲ့ရင်ခွင်ထဲ သူတိုးဝင်ငိုကြွေးခဲ့ပါတယ်။
အဘွားက သူ့နောက်နားက သစ်ပင်ကိုလက်ညိုးထိုးပြီး “ဒီသစ်ပင်က နှစ်ပေါင်း၁ဝဝရှိပြီဖြစ်တဲ့ သစ်ပင်အိုကြီးတစ်ပင်ပါ။ ဒီသစ်ပင်ဟာ မိုးကြိုးဒဏ်ကိုလည်း ခံခဲ့ဖူးတယ်၊ လေပြင်းဒဏ်ကိုလည်း ခံခဲ့ဖူးတယ်။ တောမီးလောင်ဒဏ်ကိုလည်း ရက်ရက်စက်စက်ခံခဲ့ဖူးတယ်။ တောမီးကြောင့် သူ့အကိုင်းအခက်တွေ အလောင်ခံခဲ့ရပြီး သစ်ဂတုံးပင်ဖြစ်ခဲ့ဖူးတယ်။ လူတွေက ဒီသစ်ပင်ကြီးသေပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် သိပ်မကြာဘူး… သစ်ပင်က သစ်ရွက်သစ်ဖူးတွေနဲ့ ပြန်စိမ်းစိုလာပြန်တယ်။ စိမ်းစိုတဲ့အကိုင်းအခက်တွေနဲ့ လေထုကြားမှာ ဘယ်ညာယိမ်းနွဲ့ပြီး တေးသီကျူးနေပြန်တယ်။ သမီး ကြည့်စမ်း .. အခုချိန်မှာ နေရောင်ခြည်ရဲ့ပက်ဖြန်းမှုကို သူအစွမ်းကုန်ခံယူနေတယ်။ အဘွားတို့အားလုံး ဒီသစ်ပင်ကို မော်ကြည့်နေကြရတယ်” လို့ပြောတယ်။
အဘွားပြောတဲ့စကားကို သူနားလည်တစ်ဝက်၊ နားမလည်တစ်ဝက်နဲ့ ခေါင်းညိတ်ခဲ့မိပြီး အဘွားနောက် အိမ်ပြန်လိုက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ အဘွားက သူ့အတွက် သီချင်းတိတ်ခွေဟောင်းတချို့ ဝယ်လာပေးခဲ့တယ်။ သီချင်းတွေနားထောင်ကြည့်ရင်း သီချင်းတွေကြားထဲ သူနစ်မျောခဲ့မိတယ်။

သိပ်မကြာပါဘူး… သူဟာ သူ့အနုပညာပါရမီကို လှစ်ဟနိုင်ခဲ့တယ်။ ၈နှစ်အရွယ်ကစ အဆိုပြိုင်ပွဲတွေကို သူပါဝင်ခဲ့တယ်။ ၁၄နှစ်အရွယ်မှာ The Mickey Mouse Club မှာ သူဟာ အသံဆွဲဆောင်မှုအား အကောင်းဆုံးမိန်းကလေးဖြစ်ခဲ့တယ်။

 ၁၉၉၈ခုနှစ်မှာ ဒစ်စနီကုမ္ပဏီကရိုက်ကူးတဲ့ “Mulan” ကာတွန်းရုပ်ရှင်ကားမှာ ဇာတ်ဝင်သီချင်းသီဆိုမယ့် အသင့်တော်ဆုံးမိန်းကလေးကို ရှာမရဖြစ်နေချိန်မှာ သူဟာ သူသီဆိုခွင့်ရဖို့ သတ္တိရှိရှိစာရင်းပေးခဲ့တယ်။ ၁၈နှစ်အရွယ် ဒီမိန်းကလေးရဲ့ အသံမြင့် “E key”ကို ထုတ်လုပ်သူ အရမ်းသဘောကျခဲ့တယ်။ အဲဒီနောက် ဇာတ်ဝင်တေးသီချင်းကို သူဆိုခွင့်ရခဲ့ပါတယ်။ ဒီသီချင်းဟာ ထုတ်လွင့်လိုက်တာနဲ့ တစ်ပြိုင်နက် အကျော်ကြားဆုံးသီချင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အသံမြင့်ကိုပိုင်ဆိုင်ထားတဲ့သူလည်း နာမည်ကျော်ခဲ့ပါတယ်။

ဘဝက အမြဲတမ်းတော့ သာယာဖြောင့်ဖြူးနေမှာ မဟုတ်ပါဘူး။ သူနာမည်ရလာခဲ့ပေမယ့် ချစ်သူရဲ့သစ္စာဖောက်ခြင်းကို သူခံခဲ့ရတယ်။
 သီချင်းစာသားအဆိုမှားလို့ ပရိတ်သတ်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်တာကို သူခံခဲ့ရတယ်။

အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့တိုင်း အံကြိတ်ပြီး သူဖြတ်ကျော်နိုင်ခဲ့တယ်။ Grammy ဆုကို ၄ကြိမ်မြှောက် သူဆွတ်ခူးနိုင်ခဲ့တယ်။

 သူပထမဦးဆုံးပါဝင်ရိုက်ကူးတဲ့“burlesque”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားက ဒေါ်လာသိန်း(၉ဝဝ)
ဝင်ငွေစံချိန်ချိုးခဲ့တယ်။ Golden Globes ဆုကို သုံးကြိမ်တိုင်တိုင် သူဇကာတင်စာရင်းဝင်ခဲ့ပါတယ်။

သူကတော့ အမေရိကန်နာမည်ကျော်အဆိုတော် Christina Aguilera ပဲဖြစ်ပါတယ်။

ဘဝအတွေ့အကြုံကြမ်းတမ်းခဲ့တဲ့ ဒီမိန်းကလေးဟာ ပရိတ်သတ်ရဲ့လက်ခုပ်သံ၊ အားပေးသံတွေကြားမှာပြုံးရယ်ရင်း“အဘွားပြောခဲ့ဖူးသလိုပေါ့… လေပြင်းမုန်တိုင်းတွေကို
 ရှောင်လွဲလို့မရခဲ့ရင်မျက်ရည်မကျတတ်တဲ့သစ်ပင်တစ်ပင်လုပ်ပြီး လေပြင်းကြားမှာသီချင်းဆိုမယ်”လို့ အမြဲပြောတတ်ခဲ့ပါတယ်။    www.youtube.com/watch?v=g5jhxvQySRg
-----
မူရင်းလင့် -- http://www.85nian.net/zuowensucai/32517.html
https://en.wikipedia.org/wiki/Christina_Aguilera
နိုင်းနိုင်းစနေ (Sept. 18.2015)