8/29/2015

အစားအသောက် ရွေးသည့် ကလေး စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိလာနိုင်

မူကြိုအရွယ်မှာ အစားအသောက် ရွေးလွန်းသည့် ကလေးများ ကြီးလာလျှင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပွားနိုင်ခြေ ပိုများ လာတတ်ကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုသည်။

အစားအသောက် ချေးများသော ကလေးများသည် ချေးမများသော ကလေးများနှင့် ယှဉ်လျှင် စိတ်ကျခြင်း၊ လူမှုဝန်းကျင်နှင့် အံမ၀င်ခြင်းတို့ နှစ်ဆပို ဖြစ်ပွားတတ်ကြောင်း လေ့လာမှု စစ်တမ်းကဆိုသည်။ လေ့လာမှုစစ်တမ်းကို အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနား ပြည်နယ် ဒါဟမ်မြို့ရှိ ဒုခ်တက္ကသိုလ်ရှိ အစားအသောက် မူမမှန်မှုဆိုင်ရာ သုတေသနဌာန အကြီးအကဲ နန်စီဇက်ကာနှင့်အဖွဲ့က ပြုလုပ် ထားခြင်းဖြစ်သည်။ အသက် နှစ်နှစ်မှ ငါးနှစ်ကြား ကလေးငယ် ၉၁၇ ဦး၏ မိဘများကို မေးမြန်းစစ်တမ်း ကောက်ထားခြင်း ဖြစ်သည်။
.
မိဘ (၂၀) ရာခိုင်နှုန်းထိက သူတို့ ကလေးများသည် အစားအသောက် ချေးများကြကြောင်း ဆိုထားကြသည်။ စစ်တမ်း ရလဒ်ကို Pediatries (ကလေးဆေးပညာ) ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ စစ်တမ်းပါဝင်သူ ကလေးများအနက် (၁၈၅) ဦးသည် အစားအသောက် ချေးများမှု အသင့်အတင့် ရှိသည်။ (၃၇) ဦး ကား အလွန်အမင်း ချေးများသဖြင့် အခြားကလေးများနှင့် အတူ ထိုင်ထမင်းစားဖို့ပင် မဖြစ်နိုင်လောက်သော အနေအထား ဖြစ်ကြောင်းသိရသည်။ အလွန်အမင်း ချေးများသော ကလေးများသည် အစားအသောက်၏ အနုအကြမ်း၊ အနံ့အရသာ၊ ပုံပန်း သဏ္ဍာန်ကအစ စိတ်ကြိုက်နဲ့တွေ့မှ စားကြသည်။
.
မိဘများကို မေးမြန်းစစ်တမ်းကောက်ပြီး နောက်နှစ်နှစ်အကြာတွင် အသင့်အတင့် ချေးများသည့် ကလေး (၁၈၇) ဦး၏ စိတ်အခြေအနေကို အကဲဖြတ်ရာ ချေးမများသော ကလေးများထက် ယေဘုယျ စိတ်ရှုပ် စိတ်ဖိစီးမှု (၁ ဒသမ ၇) ဆ ပိုများနေကြောင်း တွေ့ခဲ့ရသည်။ အလွန်ချေးများသည့် ကလေး (၃၇) ဦးကား စိတ်ရှုပ် စိတ်ဖိစီးနှုန်း နှစ်ဆပိုများ နေကြောင်း တွေ့ခဲ့ရသည်။
.
messenger news journa