7/18/2015

ငါ ကောင်းကင်ဘုံမှာလား

ကျွန်တော်တို့ သမိုင်းဆရာက နယ်နယ်ရရလူမဟုတ်ဘူး။ သူဟာ ဆာဗီးယား (Serbia) လူမျိုးဖြစ်တယ်။ သူ Ph.D (ဒေါက်တာဘွဲ့) တက်နေကတည်းက Ottoman Empire က Balkan Peninsula ထဲဝင်ရောက်ကျူးကျော်တာကို စိတ်ဝင်စားခဲ့တယ်။ အဲဒီအကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်တော်တော်များများကို သူရေးသားခဲ့တယ်။

 Yugoslavia (ယူဂိုစလားဗီးယား) ပြိုကွဲပြီးတဲ့နောက် ဆရာက ပညာရပ်နဲ့ဆိုင်ပြီး လက်တွေ့နဲ့အလှမ်းဝေးတဲ့စာတွေကို မရေးတော့ဘဲ သွေးထိုးလှုံ့ဆော်တဲ့စာတွေကို ပြောင်းရေးခဲ့တယ်။ ရေးတဲ့အကြောင်းအရာတွေက တူရကီမွတ်စလင်တွေက ဆာဗီးယားလူမျိုးတွေကို ဘယ်လို ရက်ရက်စက်စက်သတ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေဖြစ်တယ်။ သူရေးတဲ့အကြောင်းအရာတွေကခိုင်လုံပြီး အတွင်းကျတဲ့ဆန်းစစ်မှုတွေကြောင့် သူရဲ့စာအုပ်က စာဖတ်သူအများကို စွဲဆောင်နိုင်ခဲ့တယ်။
ဆာဗီးယားအစိုးရက သူ့ကိုပိုစိတ်ဝင်စားလာခဲ့တယ်။ သူရေးတဲ့အထောက်အထားတွေကို သူတို့ရဲ့အခြေခံမူဝါဒအဖြစ် သတ်မှတ်ပြီး ဘော်စနီးယား (Bosnia)နိုင်ငံကဆာဗီးယားတွေကို မွတ်စလင်နဲ့စစ်ဖြစ်စေဖို့ အားပေးခဲ့တယ်။ သမိုင်းဆရာက လွယ်လွယ်ကူကူပဲ ဆာဗီးယားနိုင်ငံရဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဌာနမှူးဖြစ်လာခဲ့တယ်။ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ဌာနမှူးလို့သာပြောတယ် တကယ်ဆို သူက စည်းရုံးရေးမှူးပါပဲ။ နယ်တကာလှည့်ပြီး သူဟောပြောခဲ့တယ်။ ဟောပြောတဲ့အကြောင်းအရာတွေက ဆာဗီးယားယဉ်ကျေးမှုတွေ ဘယ်လောက်မြင့်မြတ်တယ်ဆိုတဲ့အကြောင်းတွေ ဖြစ်ပေမယ့် မွတ်စလင်ယဉ်ကျေးမှုကိုတိုက်ခိုက်ဖို့ သူလုံးဝမမေ့ခဲ့ဘူး။

သမိုင်းဆရာက မွတ်စလင်ဘာသာဝင်တွေကို အရိုးထိစွဲအောင်မုန်းတီးခဲ့တယ်။ မွတ်စလင်တွေ ဥရောပကို ရောက်မလာသင့်ဘူးလို့ သူထင်ခဲ့တယ်။ တကယ်လို့ သူသာအာဏာရှိခဲ့ရင် Balkan Peninsula က မွတ်စလင်တွေကို တူရကီပြန်ဖို့ မောင်းထုတ်ပစ်နိုင်တယ်။
ဘော်စနီးယားမှာရှိနေတဲ့ ဆာဗီးယားခေါင်းဆောင်က ကျွန်တော်တို့သမိုင်းဆရာကို ချီးမွမ်းထောမနာပြုတယ်။ ဘော်စနီးယားမှာ နှစ်အကြာကြီးစစ်ဖြစ်ပွားခဲ့ရတာဟာ သူ့ရဲ့စည်းရုံးနှိုးဆော်မှုကြောင့်ပဲဖြစ်တယ်။ သူ့ရဲ့အမုန်းရန်ငြိုး ဝါဒဖြန့်မှုက အတော်လေးထိရောက်ခဲ့လို့ နောက်ဆုံး ကုလသမဂ္ဂက သူ့ကို စစ်ရဲ့တရားခံအဖြစ် ကြေညာလိုက်တယ်။ ဆာဗီးယားအစိုးရက သူ့အတွက် ကိုယ်ရံတော်နှစ်ဦးထားပေးတယ်။ တစ်ဦးက သူ့ရဲ့ကားမောင်းသူဖြစ်တယ်။
ဘော်စနီးယားကိုသူရောက်နေတုန်း သူစီးတဲ့ကား မိုင်းနင်းမိလိမ့်မယ်လို့ သူအိပ်မက်တောင် မက်ခဲ့ဖူးဟန်မတူဘူး။ သူတို့အချင်းချင်းကပဲ အဲဒီမိုင်းကိုထောင်ခဲ့တာဖြစ်တယ်။ မိုင်းတွေ နေရာအနှံ့မြှုပ်ထားတာကြောင့် အမေရိကားကရောက်လာတဲ့ကိုယ်စားလှယ် သေခဲ့ရပြီး နောက်တစ်ရက်မှာ ကျွန်တော်တို့သမိုင်းဆရာလည်း မိုင်းထိသွားခဲ့တယ်။
သူစီးလာတဲ့ကား မိုင်းနင်းမိပြီး ပေါက်ကွဲသွားတဲ့တခဏမှာ သူဟာ အသက်ရှင်နေဆဲပဲ။ သူမသေခင် နောက်ဆုံး မေးခွန်းတစ်ခုက.. အကယ်၍များ ငရဲဆိုတာရှိခဲ့ရင် ဘယ်လိုလုပ်မလဲ…
သီးခြားကမ္ဘာတစ်ခုထဲ သမိုင်းဆရာရောက်သွားခဲ့တယ်။ သူ့အပြင် တစ်ခြားလူတွေလည်းပါပြီး အားလုံးက အမျိုးသမီးတစ်ဦးဆီမှာ စာရင်းပေးနေကြတယ်။ သူ့အလှည့်ရောက်လို့ သူ့နာမည်ကိုပြောပြလိုက်တာနဲ့ အမျိုးသမီးက ကွန်ပျူတာစခရင်(မ်)ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်တယ်။

“ရှင်က စစ်ရဲ့တရားခံပဲ” ပြောပြောဆိုဆို အမျိုးသမီးဟာလက်ကိုဝေ့ရမ်းလိုက်ပြီး ခန္ဓာတောင့်တင်းတဲ့အမျိုးသားတစ်ယောက်ကို ခေါ်လိုက်တယ်။ ပြီးတော့ အဲဒီအမျိုးသားကို ကွန်ပျူတာထဲက စာရွက်စာတမ်းတစ်ချို့ ပေးလိုက်တယ်။ အဲဒီနောက် သမိုင်းဆရာကို သူ့နောက်လိုက်သွားဖို့ ပြောတယ်။
သမိုင်းဆရာက ပါးနပ်တဲ့လူတစ်ဦးပါ။ ခုခံလို့ရမှာမဟုတ်ဘူးဆိုတာ သူသိတယ်။ အမျိုးသားကသန်မာတယ်ဆိုပေမယ့် တရိုတသေပါပဲ။ စာရွက်တွေကိုတစ်ချက်ကြည့်ပြီး သူ့ကို တံခါးတစ်ခုဆီခေါ်သွားခဲ့တယ်။ တံခါးဝရောက်တော့ ဝင်ပါဆိုတဲ့ပုံစံကိုလုပ်ပြလိုက်ပြီး “ဆရာ... မဝင်ခင် မျှော်လင့်ချက်အားလုံးကိုချန်ထားခဲ့ပါ” လို့ ပြောလိုက်တယ်။ အဲဒီစကားက ဓမ္မတေးထဲကစကားဆိုတာကို သူသိလိုက်တယ်။ သဘောက ငရဲပြည်မှာ မျှော်လင့်ချက်ဆိုတာမရှိဘူး။ သူ ငရဲပြည်ကို သွားရတော့မှာပါ။
သမိုင်းဆရာက တံခါးဖွင့်မဝင်ခင် ခေါ်ဆောင်လာသူကိုမေးလိုက်တယ်။

“အထဲမှာ အရမ်းကြောက်ဖို့ကောင်းလား”
လာပို့တဲ့လူက တိုက်ရိုက်အဖြေမပေးဘဲ “ဝင်သွားတာနဲ့သိမှာပါ။ ဝင်သွားပြီးတဲ့နောက် ကျွန်တော့်ကို ခင်ဗျား ထပ်တွေ့ချင်လိမ့်မယ်။ ဒါ ကျွန်တော်ရဲ့လိပ်စာကတ်ပါ။ မေးစရာရှိရင် ကျွန်တော့်ကိုဖုန်းဆက်နိုင်ပါတယ်” ပြောလိုက်တယ်။
သမိုင်းဆရာက မလွန်ဆန်နိုင်တဲ့ပုံစံနဲ့ တံခါးဖွင့်ဝင်လိုက်တယ်။
ဝင်ဝင်ချင်းပဲ အထဲမှာပြုံးပျော်ကြည်နှုးနေတဲ့မြင်ကွင်းတွေက သူ့ကို အံသြသွားစေခဲ့တယ်။ သူ့အတွက် ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားသလိုပါပဲ။ ဒီကရှုခင်းတွေက ယူဂိုစလားဗီးယားနဲ့ တစ်ပုံစံတည်း. လူအတော်များများကလည်း ဆာဗီးယားစကားကို ပြောနေကြတာကိုကြားတော့ သူအရမ်းဝမ်းသာမိတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ မှုမမှန်မှန်း သူသတိထားလိုက်မိတယ်။ မွတ်စလင်တွေကိုလည်း သူတွေ့လိုက်မိတယ်။ မွတ်စလင်တွေကိုတွေ့တာ အထူးအဆန်းတော့မဟုတ်ပေမယ့် မွတ်စလင်တွေဟာ ဆာဗီးယားလူတွေနဲ့ ရင်းနှီးဆက်ဆံနေတာကို သူတွေ့လိုက်တယ်။ ဥပမာ... သူတို့ဟာ ကော်ဖီဆိုင်တစ်ခုမှာ တူရကီစတိုင်လ်ကော်ဖီကို သောက်နေကြတယ်။ သောက်နေကြတဲ့အထဲမှာ မွတ်စလင်လည်း ပါတယ်။ ဆာဗီးယားလည်း ပါတယ်။ အားလုံးက ပျော်ပျော်ရွှင်ရွှင် သောက်စားနေကြတယ်။
ဒီလိုမြင်ကွင်းကို သူလုံးဝကြည့်လို့မရခဲ့ဘူး။ ဒါပေမဲ့ သူဘာမှမလုပ်နိုင်ခဲ့ဘူး။ လူတစ်ချို့နဲ့ သူစကားပြောကြည့်တော့ သူတို့ဟာ သမိုင်းကိုနားမလည်ကြလို့မဟုတ်ဘူးဆိုတာ သူသတိပြုမိတယ်။ တကယ်တော့ သမိုင်းရဲ့အကျိုးတွေက သူတို့ကိုမသက်ရောက်ခဲ့တာပါ။ မွတ်စလင်တစ်ဦးနဲ့စကားလက်ဆုံကျနေတဲ့ ဆာဗီးယားလူငယ်တစ်ဦးနဲ့ သူတွေ့တော့ လူငယ်ဟာ လွန်ခဲ့တဲ့နှစ်များစွာက သေဆုံးသွားခဲ့သူဖြစ်တယ်။ လူငယ်က လွန်ခဲ့တဲ့နှစ်များစွာတုန်းက သူဟာ Ottoman Empire က Balkan Peninsula ကိုဝင်ရောက်ကျူးကျော်ချိန်မှာ စစ်တပ်ထဲဝင်ရောက်အမူထမ်းခဲ့ရပြီး အသက်၂ဝအရွယ်မှာ တူရကီရဲ့အသတ်ကိုခံခဲ့ရတယ်။ သူနဲ့ စကားလက်ဆုံကျနေတဲ့ မွတ်စလင်ကလည်း အဲဒီစစ်ပွဲမှာ သေဆုံးခဲ့ရသူဖြစ်တယ်လို့ ပြောပြတယ်။ သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်စကားလက်ဆုံကျနေတာကို ကြည့်ပြီး သမိုင်းဆရာက မခံမရပ်နိုင် ဖြစ်နေတယ်။

“မင်းတို့အချင်းချင်း အမုန်းရန်ငြိုးတွေ မရှိကြဘူးလား” လို့ သူထပ်မေးလိုက်တော့ ဆာဗီးယားလူငယ်က သူ့အမေးကို ဂရုမစိုက်ဟန်ပြုလိုက်တယ်။ ဒါကို သမိုင်းဆရာက ထပ်ခါတလဲလဲထပ်မေးနေတော့ လူငယ်က သူတို့အချင်းချင်း မရင်းနှီးကြဘဲ ဘယ်ကလာတဲ့ အမုန်းရန်ငြိုးဆိုတာရှိမလဲလို့ ပြောလိုက်တယ်။ သာမန်ပြည်သူတွေကြားမှာလည်း အမုန်းရန်ငြိုးတွေမရှိတဲ့အကြောင်း၊ ရန်ငြိုးဆိုတာ ခေါင်းဆောင်လုပ်သူမှာသာရှိတဲ့အကြောင်း၊ ခေါင်းဆောင်တွေက အမုန်းရန်ငြိုးဝါဒတွေဖြန့် စစ်ခင်းကြပြီး ပြည်သူတွေကိုလည်း စစ်တိုက်ဖို့ဆော်သြခဲ့ကြတဲ့အကြောင်းပြောလိုက်တယ်။
သမိုင်းဆရာက ဒါဟာ မဖြစ်နိုင်ဘူးလို့ထင်နေမိတယ်။ နောက် သူ့ကိုသိတဲ့ လူတစ်ချို့နဲ့ တခါတရံမှာဆုံဖြစ်ကြတယ်။ အများကမွတ်စလင်တွေဖြစ်ပြီး မကြာမီက သူသွေးထိုးလှုံ့ဆော်ပေးလိုက်တဲ့ လူမျိုးခြားစစ်ပွဲမှာ ကျဆုံးသွားခဲ့ကြသူတွေဖြစ်တယ်။ သူတို့ကိုတွေ့တော့ သမိုင်းဆရာက သူ့ကိုရန်လုပ်မလားလို့တွေးပြီး ကြောက်လန့်နေမိသေးတယ်။ ဒါပေမဲ့ မွတ်စလင်တွေက ယောက်ျားမိန်းမ လူကြီးလူငယ်မရွေးဘူး အားလုံးနဲ့ ချစ်ချစ်ခင်ခင် နေကြတာကိုတွေ့လိုက်တယ်။

သိချင်တာကိုမြိုသိပ်မထားနိုင်တဲ့ သမိုင်းဆရာက လူငယ်တစ်ဦးကိုခေါ်ပြီး “ ငါကြောင့်ဖြစ်တဲ့စစ်ပွဲမှာ မင်းငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားရတယ်၊ မသေခင်မှာလည်း ဆင်းရဲဒုက္ခအမျိုးမျိုး ခံစားခဲ့ရတယ်ဆိုတာကိုသိရက်နဲ့ ဘာဖြစ်လို့ ငါ့အပေါ် အမုန်းရန်ငြိုးတွေမထားရတာလဲ” လို့မေးလိုက်တယ်။ လူငယ်က သူ့ကို တစ်ချက်ကြည့်ပြီး “ခင်ဗျား မှားနေပြီထင်တယ်၊ တကယ်လို့ ကျွန်တော်သာ အမုန်းရန်ငြိုးတွေထားရင် ဘယ်လိုလုပ်ပြီး ကောင်းကင်ဘုံရောက်နေမလဲ”
သူ့စကားကြားတော့ သမိုင်းဆရာတွေဝေသွားတယ်။ သူ ငရဲပြည်ရောက်နေတာ မဟုတ်ဘူးလား။ ဘယ်နှယ့် ကောင်းကင်ဘုံပြန်ရောက် နေရတာလဲ...
ဖုန်းဆက်ပြီး မေးမြန်းလို့ရတဲ့အကြောင်းကို သူသတိရမိတော့ ချက်ချင်းဖုန်းဆက်မေးလိုက်တယ်။

“လူတစ်ယောက်နဲ့ ကျုပ်စကားပြောတော့ သူက ကောင်းကင်ဘုံရောက်နေတဲ့အကြောင်းပြောတယ်။ ဒါ ဘယ်လိုဖြစ်ရတာလဲ..”
“သူက တကယ်ပဲ ကောင်းကင်ဘုံရောက်နေတယ်လေ”
“ဒါဆို ကျုပ်ကရော... ကျုပ်ဘယ်မှာလဲ”
“ခင်ဗျားက ငရဲပြည်မှာ။ ခင်ဗျားသိထားဖို့က ကောင်းကင်ဘုံနဲ့ငရဲဆိုတာ စိတ်ကြောင့်ဖြစ်လာတယ်ဆိုတာကိုပဲ။ စိတ်ထဲမှာ အကြင်နာမေတ္တာတွေရှိတယ်ဆိုရင် ဒါဟာ ကောင်းကင်ဘုံပဲ။ စိတ်ထဲမှာ အမုန်းရန်ငြိုးတွေရှိနေရင် ဒါ ငရဲပြည်ပဲ။ ခင်ဗျားရဲ့စိတ်ထဲမှာ အမုန်းတွေနဲ့အမြဲပြည့်နေခဲ့တယ်။ ခင်ဗျား အသက်ရှင်နေကတည်းက ငရဲရောက်နေခဲ့တာပဲ။ ဒီတစ်ခေါက် ခင်ဗျားငရဲပြည်ရောက်လာတာ ဘယ်သူ့ကိုမှ အဆိုးဆိုလို့မရဘူး။ ဒါဟာ ခင်ဗျားရဲ့အလိုကို ကျွန်တော်တို့ လိုက်လျောခဲ့တာပဲ”
“သူတို့တွေ ချစ်ချစ်ခင်ခင်နေနေတာကို ကျုပ်ကတစ်သက်လုံး စိတ်ထိခိုက်ပြီးကြည့်နေရတော့မလား”
“ဟုတ်တယ်။ ခင်ဗျား တစ်သက်လုံး စိတ်ထိခိုက်နေရလိမ့်မယ်။ လူတွေချစ်ချစ်ခင်ခင်ဖြစ်နေတာကို ခင်ဗျားကြည့်လို့ မရခဲ့ဘူး။ လူလူချင်း အမုန်းတွေ ရန်ငြိုးတွေကြီးအောင်ပဲ ခင်ဗျားမျှော်လင့်ခဲ့တယ်။ အခုတော့ ခင်ဗျားရဲ့မျှော်လင့်ချက်တွေက သူတို့ကိုမကိုင်လှုပ်နိုင်တော့ဘူး။ ခင်ဗျားရဲ့စိတ်သဘောထားကို ပြည့်ပြည့်ဝဝထားဖို့ ကျွန်တော်တိုက်တွန်းချင်တယ်။ ခင်ဗျားထက်ဆိုးတဲ့ လူတွေရှိသေးတယ်။ ဟစ်တလာဆိုရင် အခု ဂျူးလူမျိုးကြားမှာ နေနေရတယ်။ သူ့ကြောင့်သေခဲ့ကြရတဲ့ဂျူးတွေက သူ့ကို ခွင့်လွှတ်ကြတယ်။

ဂျူးလူမျိုးတွေ ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကို ကြည့်ပြီး ဟစ်တလာလည်းစိတ်ထိခိုက်နေရတယ်။ သွေးတွေတက်နေတယ်။ သူနာမကျန်းတော့ သူ့ကိုသွားကြည့်တဲ့ ဆရာဝန်ကလည်း ဂျူးလူမျိုးပဲ။ ဂျူးတွေမကောင်းကြောင်းကို နေရာအနှံ့လိုက်ဟောပေမယ့် ဘယ်သူ့မှ သူ့ကို ဂရုမစိုက်ကြဘူး။ သူ့ကို စိတ်မနှံ့တဲ့အဘိုးအိုလို့ပဲ လူတွေကထင်နေကြတယ်။ သူကမှ ခင်ဗျားထက် ပိုသနားစရာကောင်းသေးတယ်။ ဟုတ်တယ် မဟုတ်လား”
ဖုန်းကိုချလိုက်ပြီးနောက် သမိုင်းဆရာက စားပွဲခုံကိုလက်နဲ့ပုတ်ပြီး အော်ငိုပါတော့တယ်။
“ငါ့ကို တကယ့်ငရဲပြည်ပို့ကြပါ။ ဒီနေရာမှာ ငါလုံးဝမခံနိုင်တော့ဘူး”
လမ်းသွားလမ်းလာတွေက သူ့ကိုကြည့်ပြီး ခေါင်းခါကြတယ်။
ရေခဲမုန့်စားနေတဲ့ ကလေးငယ်တစ်ယောက်က အော်ငိုနေတဲ့ သမိုင်းဆရာကိုတွေ့တော့ သူ့မိခင်ကို “သူ ဘာလို့ ဒီလောက်ဝမ်းနည်း ကြေကွဲနေရတာလဲ” လို့ မေးတော့ မိခင်က ဒီလိုပြန်ဖြေပါတယ်။
“ အရင်တုန်းက သူ့မှာ ဘာမဆိုပြည့်စုံခဲ့တယ်။ ဒါပေမဲ့ သူ့မှာ တစ်ခုပဲမပြည့်စုံခဲ့ဘူး။ အဲဒါက အကြင်နာမေတ္တာတရားပဲ။ ဒါကြောင့် သူ ဒီလောက် ဝမ်းနည်းကြေကွဲနေရတာပေါ့.. ဘယ်လောက် သနားစရာကောင်းလိုက်သလဲနော်”
-----
မူရင်းရေးသားသူ-- ထိုင်ဝမ်စာရေးဆရာ လီဂျာထုံ(Chia-Tung Lee)
နိုင်းနိုင်းစနေ (Saturday, September 29, 2007)