3/09/2015

မ, လှသူတို့၏ကမ္ဘာ

အီတလီ Marcheဆိုတဲ့ဒေသမှာ Piobbicoလို့ခေါ်တဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီမြို့မှာ နေထိုင်တဲ့လူပေါင်း ၂ထောင်ကျော်သာရှိတယ်ဆိုပေမယ့် တခြားဒေသနဲ့နှိုင်းယှဉ်လို့မရတဲ့ ထူးခြားမှုလေးရှိပါတယ်။ အဲဒီထူးခြားမှုက အဲဒီမြို့မှာ မ, လှသူ(အကျည်းတန်ရုပ်ဆိုး)တွေ ပေါများတာပဲဖြစ်တယ်။ အဲဒီမြို့မှာနေထိုင်သူတွေကတော့ သူတို့မြို့လေးကို “မ, လှသူတို့ရဲ့ကမ္ဘာ”လို့ ဂုဏ်ယူဝင့်ကြွားစွာ တင်စားကြတယ်။

 Piobbicoမြို့နဲ့ မ,လှသူတို့ရဲ့ပေါင်းဖက်မှုအစက ဟိုးလွန်ခဲ့တဲ့ နှစ်၎ဝခန့်ကဖြစ်တယ်။ အဲဒီတုန်းက မြို့လေးမှာရှိတဲ့ အမျိုးသမီး ၁၂၈ဦးတို့ဟာ ရုပ်ဆိုးလွန်းလို့ ဖူးစာရှာမရဖြစ်ခဲ့တယ်။ ဒီအမျိုးသမီးတွေအတွက် ဖူးစာရှင်ရှာပုံတော်ဖွင့်ဖို့ အောင်သွယ်တော်စခန်းဖွင့်ရာက နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ မ,လှသူအသင်းအဖွဲ့တစ်ခု ဖြစ်လာခဲ့တယ်။

အသင်းစတင်ဖွဲ့စည်းစဉ်က လူအင်အားနည်းခဲ့ပေမယ့် ဒီကနေ့မှာတော့ ကမ္ဘာ့အရပ်ရပ်ကအဖွဲ့ဝင်၂သောင်းကျော်အထိ ရှိခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံမခွဲ၊ ကျားမ မရွေး၊ အသက်အရွယ် မကန့်သတ်ဘဲ ရုပ်ဆိုးသူမှန်သမျှ ဒီအသင်းအဖွဲ့ထဲ ပါဝင်နိုင်ပါတယ်။ အဖွဲ့ဝင်တစ်ဦးတိုင်းမှာ “ရုပ်ဆိုးအဆင့်” အဖွဲ့ဝင်ကတ်ပြားတွေရှိကြတယ်။ “သိပ်ရုပ်မဆိုး”တဲ့အဆင့်ကနေ “သာမန်ရုပ်ဆိုး” ၊ “အားကြီးရုပ်ဆိုး” ဆိုပြီး အဆင့်တွေခွဲထားပါတယ်။ အဖွဲ့ဝင်တွေက “ရုပ်ဆိုးခြင်းက သူတော်ကောင်းတရား၊ လှပခြင်းက အချုပ်အနှောင်”လို့ ခံယူထားကြတယ်။

နှစ်စဉ်နှစ်တိုင်း ဆောင်းဦးကာလမှာ ကမ္ဘာ့အနယ်နယ်အရပ်ရပ်က လူတော်တော်များများဟာ ဒီမြို့လေးဆီလာရောက်ပြီး တစ်နှစ်တစ်ခါကျင်းပတဲ့ “မ,လှသူပြိုင်ပွဲ”ကို ပါဝင်ဆင်နွှဲကြတယ်။ ပထမဆုကတော့ “မ,လှဆု”ပဲဖြစ်ပါတယ်။ မ,လှသူရွေးချယ်မှုဟာလည်း စည်းကမ်းတင်းကြပ်လှပါတယ်။ ပြောစရာမရှိအောင် ရုပ်ဆိုးလွန်းသူမဟုတ်ခဲ့ရင်တော့ “မ,လှဆု”ကို ရမှာမဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလပထမပတ် တနင်္ဂနွေနေ့မှာလည်း ဒီမြို့လေးမှာ အခမ်းအနားတစ်ခု ကျင်းပတတ်ပါတယ်။ အဲဒီအခမ်းအနားမှာ ကမ္ဘာ့အရပ်ရပ်ကအဖွဲ့ဝင်ထဲကနေ အဖွဲ့ဥက္ကဌကို ရွေးချယ်ကြပါတယ်။

Telesforo Iacobelli လို့ခေါ်တဲ့အမျိုးသားတစ်ဦးက “မ,လှသူအသင်းအဖွဲ့”ဥက္ကဌအဖြစ် နှစ်စဉ်ဆက်တိုက် အရွေးချယ်ခံခဲ့ရသူဖြစ်တယ်။ သူ မ,လှရတဲ့အကြောင်းရင်းက သူ့နှာခေါင်း အရမ်းသေးလို့လို့ဆိုတယ်။ အီတလီမှာ နှာခေါင်းကြီးတာဟာ လှပခြင်းရဲ့သင်္ကေတလို့ ဆိုပါတယ်။ သူ့နှာခေါင်းက သေးတာကြောင့် မ,လှသူစာရင်းထဲ သူပါဝင်ခဲ့တာဖြစ်တယ်။ ဒီနှာခေါင်းသေးတဲ့အမျိုးသားက အဖွဲ့ဥက္ကဌဖြစ်ခဲ့ရတာဟာ သူဟာ ရုပ်ဆိုးရုံတင်မက မ,လှသူတို့အတွက် အခွင့်အရေးတွေ တောင်းဆိုပေးခဲ့လို့ဖြစ်တယ်။

 Piobbicoမြို့လေးကို မ,လှသူတို့ရဲ့ စိတ်ကူးရှင်သန်ရာနေရာဖြစ်အောင် သူ ကြိုးစားအားထုတ်ခဲ့လို့ဖြစ်တယ်။ Miss Italy ရထားတဲ့ အလှမယ် ၄ဦး သူတို့အသင်းအဖွဲ့ထဲ ပါဝင်လာကြောင်းကို Telesforo Iacobelli က သဘောထားကြီးကြီး ထုတ်ဖော်ပြောကြားခဲ့တယ်။ ဒါဟာ သူတို့အသင်းအဖွဲ့က “လှသူတွေကိုလည်း မတွန်းလှန်၊ မလှသူတွေကိုလည်း အထင်မသေး၊ သာမန်သူတွေကိုလည်း မငြင်းဆန်” ကြောင်း သက်သေပြခဲ့ပါတယ်။

လောကမှာ ရုပ်ဆိုးသူတွေကို ကြောက်ရွံ့ရှောင်ဖယ်တတ်ကြတာဟာ သဘာဝပါ။ ဒါပေမယ့် အီတလီက ဒီမြို့လေးမှာတော့ ရုပ်ဆိုးသူတွေဟာ သူတို့ပိုင်ဆိုင်ထားတဲ့ရုပ်ရည်ကို သူတို့လက်ခံပြီး ဒီရုပ်ရည်ကြောင့် ရှက်ရွံ့တာမျိုး မဖြစ်ခဲ့ကြဘူး။ အကျည်းတန်ခြင်းရဲ့အလှတရားကိုခံစားရင်း ဒါဟာ ပိုချစ်စရာကောင်းတယ်၊ ပိုဆွဲဆောင်မှုရှိတယ်လို့ ခံယူခဲ့ကြတယ်။ အားနည်းမှုနဲ့ ချွတ်ယွင်းမှုက ဆက်စပ်နေပါတယ်။ ကိုယ်ကိုယ်တိုင်ဟာအကောင်းဆုံးလို့ မိမိကိုယ်ကိုယ်ယုံကြည်ထားရင် ဘဝက ခမ်းနားကြီးကျယ်ပါတယ်။

ရုရှားစာရေးဆရာ လီယိုတော်စတွိုင်းကပြောခဲ့တယ်… “လူက လှလို့ ချစ်စရာကောင်းတာမဟုတ်ဘူး.. ချစ်စရာကောင်းလို့ လှတာပါ”တဲ့။

“ပန်းတစ်ပွင့် ဒါမှမဟုတ် လိပ်ပြာတစ်ကောင်ရဲ့ အပြင်ပန်းသဏ္ဍာန်ကိုကြည့်ပြီး သင်ဝေဖန်ပိုင်းခြားနိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကိုတော့ သင် ဒီလို မဝေဖန် မပိုင်းခြားပါနဲ့”လို့ အိန္ဒိယကဗျာဆရာ တဂိုးကပြောခဲ့ပါတယ်။
----
http://en.wikipedia.org/wiki/Piobbico
မူရင်းလင့်-- http://www.85nian.net/zuowensucai/16212.html
နိုင်းနိုင်းစနေ (March. 8. 2015)