နေ့စဉ် လှုပ်ရှားရုန်းကန်ရင်း ခန္ဓာကိုယ်ဟာ အနည်းနဲ့ အများဆိုသလို ပင်ပန်းနွမ်းနယ် နေတတ်ပါတယ်။ ကြွက်သားတွေ တင်းမာနေတဲ့အခါ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပေးရုံနဲ့ ကြွက်သားတွေ ပြေလျော့သက်သာကာ လန်းဆန်းအားပြည့်နေစေပါတယ်။ ဒါကြောင့် သက်သောင့်သက်သာရှိရှိ အားကစားလုပ်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လေဝင်လေထွက်ကောင်းသော အဝတ်အစားဝတ်ပါ
၁၀၀ ရာခိုင်နှုန်း ချည်သသား ဒါမှမဟုတ် သိုးမွေးတို့နဲ့ပြုလုပ်ထားတဲ့ အားကစား ဝတ်စုံမျိုးကသာ အားကစား ပြုလုပ်ရင် ထွက်လာနိုင်တဲ့ အစိုဓာတ်ကိုစုပ်ယူပြီး အရေပြားက ပူလောင်မှုတွေကို ကင်းဝေးသက်သာစေပါတယ်။ ဝါး (Bamboo)နဲ့ လုပ်ထားတဲ့ အားကစား ဝတ်စုံကလည်း ချွေးထွက်ပါက မြန်မြန် ခြောက်သွေ့ကာ အေးမြစေပါတယ်။
၂။ ကယ်လိုရီလောင်ကျွမ်းစေရန် လမ်းလျှောက်ပါ
အနီးအနားက စတိုးဆိုင်၊ အားကစားခန်းမ စတာတွေကို သွားတဲ့အခါ လမ်းလျှောက် ခြင်းနဲ့ စက်ဘီးစီးခြင်းတို့ကို ဆောင်ရွက် ပေးပါ။ မိနစ် ၃၀ လောက် အသင့်အတင့် အမြန်နှုန်းနဲ့ လမ်းလျှောက်တာဟာ ကယ်လိုရီ ၂၂၀ လောက်လောင်ကျွမ်း စေပါတယ်။ အနီးအနားတွေကို ကားနဲ့ သွားတာဟာ ခန္ဓာကိုယ်က ကယ်လိုရီ မလောင်ကျွမ်းတဲ့အပြင် လေထုညစ်ညမ်း မှုကိုပါ ဖြစ်စေပါတယ်။
၃။ စွမ်းအင်ဖြည့်အချိုရည်တွေ ရှောင်ပါ
အားကစားလုပ်တဲ့အချိန်မှာ စွမ်းအင်ဖြည့် ထားတဲ့ အချိုရည် (Energy Drinks) မလိုအပ်ပါဘူး။ ဒါတွေက ကျန်းမားရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်မှုမျိုးလည်း မဟုတ်ပါဘူး။ စွမ်းအင်ဖြည့်ပြုပြင် အစားအသောက်အစား သစ်သီးခြောက်၊ အခွံမာသီး၊ ဒိန်ချဉ်၊ ငှက်ပျောသီး၊ စပျစ်သီး၊ ရေစတာတွေကိုသာ သရေစာအနေနဲ့ စားသုံးပါ။
၎။ ဆားရေထဲမှာ ရေကူးပါ
ဆားခတ်ထားတဲ့ ရေကူးကန် (Saline Pool) ထဲမှာကူးတဲ့အခါ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့စရာ မလိုတော့ပါဘူး။ အဲဒီအခါ မျက်လုံး ကျိန်းစပ်တာနဲ့ ဆံကေသာ ခြောက်သွေ့ ကြွပ်ဆတ်တာတွေ ဖြစ်နှုန်းလည်း လျော့ပါး သွားပါတယ်။ ဆားရေးထဲ ရေကူးတာက သင့်ခန္ဓာကိုယ် အရေပြားအတွက် သာမက အသက်ရှူ လမ်းကြောင်းစနစ် အတွက်ပါ အဆင်ပြေ စေပါတယ်။
၅။ ကြွက်သားတင်းအား လျော့အောင် အနှိပ်ခံပါ
နှိပ်နယ်ပေးတာဟာ ကြွက်သားတင်းအား လျော့ပါးစေပြီး ခန္ဓာကိုယ်ထဲက သဘာဝအကိုက်အခဲ ပျောက်စေတဲ့ အာနိသင် ထွက်ရှိစေပါတယ်။ အနှိပ်ခံတာကြောင့် ခုခံအားစနစ် အားကောင်းစေပြီး အကြောပြေကာ အနားရစေပါတယ်။
၆။ အိမ်မှာ ကိုယ်လက်လှုပ်ရှားပေးပါ
ယောဂကျင့်ခြင်း၊ ကိရိယာလွတ် ကိုယ်လက်လှုပ်ရှားခြင်း စတဲ့ အားကစားတွေကို အိမ်မှာ ပြုလုပ်ပေးတာဟာ ငွေကုန်ကြေးကျ မများသလို အချိန်ကုန်သက်သာ စေပါတယ်။ တီဗီကြည့်ရင်း၊ ဥယျာဉ်စိုက်ပျိုးရင်း၊ တေးဂီတနားထောင်ရင်း၊ အိမ်သန့်ရှင်းရေး လုပ်ရင်း အလွယ်တကူ လုပ်ဆောင်နိုင်တာကြောင့်ပါ။
Ref: Good Health
3/08/2012
အားကစားလုပ်ရာတွင် သက်သောင့်သက်သာရှိစေမည့် နည်းလမ်းများ
3/08/2012
Dim